ဘောလုံးကွင်း လူအုပ်ပိမှု ဖြစ်စဉ်တွင် အပြစ်ကျူးလွန်သူများကို ဖော်ထုတ်အပြစ်ပေးရန် အင်ဒိုနီးရှားအစိုးရ ညွှန်ကြား

ဘောလုံးကွင်း လူအုပ်ပိမှု ဖြစ်စဉ်တွင် အပြစ်ကျူးလွန်သူများကို ဖော်ထုတ်အပြစ်ပေးရန် အင်ဒိုနီးရှားအစိုးရ ညွှန်ကြား

အောက်တိုဘာ ၃

အင်ဒိုနီးရှားနိုင်ငံတွင် လူ ၁၂၅ ဦးအထိ သေဆုံးခဲ့ရသည့် ဘောလုံးကွင်း လူအုပ်ပိမှုဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သူအားလုံးကို ဖော်ထုတ် ပြစ်ဒဏ်ပေးရေး အစိုးရက အောက်တိုဘာ ၃ ရက်တွင် နိုင်ငံ၏ ရဲတပ်ဖွဲ့ကို ညွှန်ကြားလိုက်သည်။

ဘောလုံးသမိုင်းတွင် လူအသေအပျောက် အများဆုံး ဘေးဒုက္ခဆိုးတစ်ခု ဖြစ်ပွားခဲ့ခြင်းအတွက် အဆိုပါနိုင်ငံတွင် အမျက်ဒေါသထွက်မှုများ ကြီးထွားနေခဲ့သည်။

အရှေ့ဂျာဗားပြည်နယ် မာလန်းမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်ညပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ ဘောလုံးကွင်း ဖြစ်ရပ်ဆိုးတွင် လူပေါင်း ၃၂၃ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာများ ရခဲ့သည်။ ထိုဖြစ်စဉ်တွင် လူပြည့်သိပ်နေသော ဘောလုံးကွင်းတစ်ခု၌ ကွင်းထဲသို့ ပရိသတ်များ ပြုံတိုး ပြေးဝင်လာခြင်းကို တားဆီးထိန်းသိမ်းရန် တာဝန်ရှိသူများက မျက်ရည်ယို ဓာတ်ငွေ့ဗုံးများ အသုံးပြု ပစ်ခတ်ခဲ့ရာတွင် လူအများ စုပြုံတိုးပြီး လူအုပ်ပိမှုကို ဖြစ်ပွားစေခဲ့သည်။

“ဒီဖြစ်စဉ်မှာ အပြစ်လုပ်ခဲ့သူအားလုံးကို လာမယ့်ရက်ပိုင်းအတွင်း ရှာဖွေဖော်ထုတ်ဖို့ အမျိုးသားရဲတပ်ဖွဲ့ကို မိမိတို့ ညွှန်ကြားထားတယ်” ဟု အင်ဒိုနီးရှား၏ လုံခြုံရေးဝန်ကြီး မာဟ်ဖက်ဒ် အမ်ဒီက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

“ပြစ်မှု ကျူးလွန်ခဲ့သူတွေကို ဖော်ထုတ်ဖို့ မိမိတို့ ညွှန်ကြားထားတယ်။ အပြစ်လုပ်ခဲ့သူတွေကို အရေးယူသွားရပါလိမ့်မယ်။ အမျိုးသားရဲတပ်ဖွဲ့အနေနဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေး လုပ်ထုံးလုပ်နည်းတွေကို အကဲဖြတ်မှုတွေ လုပ်လိမ့်မယ်လို့လည်း မိမိတို့‌ မျှော်လင့်တယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ယခု ဘောလုံးကွင်း ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရေး အထူးအဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းထားကြောင်း ၎င်းက ပြောသည်။

ဖြစ်စဉ်တွင် အိမ်ရှင် အရီမာ အက်ဖ်ပီ ဘောလုံးအသင်းက ခါးသီးပြိုင်ဘက် ပါဆီဘာယာ ဆူရာဘာယာ အသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာတွင် အိမ်ရှင်အသင်းပရိသတ်များက ဒေါသထွက်ကာ ကွင်းထဲ ဝင်ရောက်ခဲ့ကြချိန် တာဝန်ရှိသူများက မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုပစ်ခတ်ခဲ့ပြီးနောက် ထိုကဲ့သို့ လူရာချီ သေဆုံးစေသည့် လူအုပ်ပိမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly