အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း မိန်းကလေးများအတွက် အထက်တန်းစာသင်ကျောင်းများကို ပြန်ဖွင့်ပေးရန် ကုလသမဂ္ဂက တာလီဘန်တို့ကို စက်တင်ဘာ ၁၈ ရက်က တိုက်တွန်းလိုက်သည်။ ပြီးခဲ့သည့် တစ်နှစ်အကြာက စတင်ခဲ့သည့် အဆိုပါ ပိတ်ပင်ချက်က “ဝမ်းနည်းစရာ ကောင်းသလို ရှက်ဖွယ်ကောင်းသည်” ဟု ကုလသမဂ္ဂက ပြစ်တင်ဝေဖန်ခဲ့သည်။
အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လက တရားသေအယူစွဲကိုင်သည့် အစ္စလမ္မစ်များ အာဏာပြန်ရပြီးနောက် သီတင်းပတ်များအကြာ စက်တင်ဘာ ၁၈ ရက်တွင် ၎င်းတို့က ယောကျ်ားလေးများအတွက် အထက်တန်းကျောင်းများကို ပြန်ဖွင့်ပေးခဲ့သော်လည်း အလယ်တန်းအဆင့် ကျောင်းသူမိန်းကလေးများအတွက် အတန်းများကို ပိတ်ထားခဲ့သည်။
ထို့နောက် လများအကြာ မတ်လ ၂၃ ရက်တွင် ပညာရေးဝန်ကြီးဌာနက မိန်းကလေးများအတွက် အလယ်တန်းကျောင်းများကို ပြန်ဖွင့်ပေးခဲ့သော်လည်း နာရီပိုင်းအကြာတွင် ကျောင်းများ ပြန်ပိတ်ရန် တာလီဘန်ခေါင်းဆောင်များက ညွှန်ကြားခဲ့သည်။
ထို့နောက်ပိုင်းမှစပြီး ဆယ်ကျော်သက်အရွယ် အာဖဂန်မိန်းကလေး တစ်သန်းကျော်သည် နိုင်ငံတစ်ဝန်း ပညာသင်ကြားခွင့် ပိတ်ပင်ခံခဲ့ရကြောင်း အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ အကူအညီပေးရေးလုပ်ငန်းအဖွဲ့ (UNAMA) က ပြောသည်။
“ဒီလို ပိတ်ပင်မှုက ဝမ်းနည်းစရာ ကောင်းသလို ရှက်စရာကောင်းတဲ့ လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။ လုံးလုံး လျားလျား ဒီလိုမလုပ်ဘဲ ရှောင်လို့ရနိုင်ခဲ့တဲ့ တစ်နှစ်တာကာလပဲဖြစ်ပါတယ်” ဟု UNAMA ၏ ခေတ္တအကြီးအကဲ မာကက်စ် ပေါ့တ်ဇဲလ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။