ပျောက်ဆုံးနေသူများကိစ္စတွင် ပါကစ္စတန်အစိုးရအတွက် လုပ်ပိုင်ခွင့် အကန့်အသတ်ရှိနေကြောင်း  ပြည်ထဲရေးဝန်ကြီး ဝန်ခံ

ပျောက်ဆုံးနေသူများကိစ္စတွင် ပါကစ္စတန်အစိုးရအတွက် လုပ်ပိုင်ခွင့် အကန့်အသတ်ရှိနေကြောင်း  ပြည်ထဲရေးဝန်ကြီး ဝန်ခံ

ပျောက်ဆုံးနေသောသူများ အရေးကိစ္စနှင့်ပတ်သက်ပြီး ပါကစ္စတန်အစိုးရတွင် လုပ်ပိုင်ခွင့်ဆိုင်ရာ အကန့်အသတ်များရှိနေကြောင်း ပြည်ထဲရေးဝန်ကြီး ရာနာ ဆာနာအူလာက စက်တင်ဘာ ၂၀ ရက်တွင် ဝန်ခံလိုက်သည်။

ပျောက်ဆုံးသွားသည့် နိုင်ငံသားများကို ရှာဖွေရန် အစိုးရတွင် တာဝန်ရှိကြောင်းနှင့် ထိုအရေး ကိစ္စက “အသက်သေဆုံးသည်ထက် ပို၍ နာကျင်စရာကောင်းသည်” ဟု ဆာနာအူလာက ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရအဆက်ဆက်မှာ လုပ်ပိုင်ခွင့် ဘယ်လောက် ရှိခဲ့သလဲ ဆိုတာနဲ့ လက်ရှိအချိန်အထိ လုပ်ပိုင်ခွင့် ဘယ်လောက်ဆက်ရှိနေလဲ ဆိုတာကို ကျွန်တော်တို့ သိသလို ငြင်းစရာ အကြောင်းလည်း မရှိပါဘူး” ဟု ဆာနာအူလာက ညွန့်ပေါင်းပါတနာ မွတ်တာဟီဒါ ကွေမိ လှုပ်ရှားမှု -ပါကစ္စတန် (MQM-P) ပါတီနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များကို ပြောသည်။ 

ထိုသို့ ပြောကြားခြင်းက ပျောက်ဆုံးသွားသူများ ကိစ္စနှင့်ပတ်သက်ပြီး အစိုးရတွင် လုပ်ပိုင်ခွင့်အကန့်အသတ် ရှိကြောင်းကို ဝန်ခံခြင်းဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။
 
နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် အခြား လူပုဂ္ဂိုလ်များကို အတင်းအကျပ် ဖမ်းဆီး ဖျောက်ဖျက်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက် သူများဖြစ်ကြောင်း ဆာနာအူလာက ပြောခဲ့ပြီး အစိုးရအနေဖြင့် ယခုကိစ္စရပ်ကို ကိုင်တွယ်အဖြေရှာနိုင်ရန် အာရုံစိုက်ခဲ့ကြောင်း ပြောသည်။

အတင်းအကျပ် ဖမ်းဆီးပျောက်ဆုံးစေမှု ဖြစ်စဉ်တချို့သည် ယခင်အစိုးရများဖြစ်သော ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ် နာဝက်ဇ် (PML-N) နှင့် ပါကစ္စတန်ပြည်သူ့ပါတီ (PPP) တို့ လက်ထက်ကတည်းက ဖြစ်ပွားခဲ့သလား ဆိုသည့် မေးခွန်းကို ဖြေကြားရာတွင် ဆာနာအူလာက “ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရအဆက်ဆက်မှာ လုပ်ပိုင်ခွင့် ဘယ်လောက် ရှိခဲ့သလဲ ဆိုတာနဲ့ လက်ရှိအစိုးရမှာလည်း လုပ်ပိုင်ခွင့် ဘယ်လောက်ဆက်ရှိနေလဲ ဆိုတာအပြင် အဲဒါရဲ့ အခြား ရှုထောင့်တွေက ဘာတွေလဲဆိုတာကို ကျွန်တော်တို့အားလုံး သိသလို ငြင်းစရာ အကြောင်းလည်း မရှိပါဘူး” ဟု ပြောခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly