ပါကစ္စတန်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားကာ တရုတ်နိုင်ငံသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ပါကစ္စတန်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားကာ တရုတ်နိုင်ငံသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့ရှိ သွားဘက်ဆိုင်ရာဆေးခန်းတစ်ခုအတွင်း စင်တင်ဘာ ၂၈ ရက်က အမည်မသိသေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံသား ၁ ဦး သေနတ်ထိမှန်သေဆုံးပြီး အခြား၂ ဦး ဒဏ်ရာရရှိခဲ့ကာ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားတိုက်ခိုက်သည့် နောက်ဆုံးဖြစ်ရပ် တစ်ခုဖြစ်သည်။ 

တိုက်ခိုက်သူသည် ကရာချိမြို့ ဆာဒါဧရိယာရှိ ဆေးခန်းသို့ လူနာတစ်ဦးဟန်ဆောင်ကာဝင်လာခဲ့ပြီး ဆရာဝန်၏ အခန်းတွင်း၌ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိ အာဆက်ရာဇာက ပြောသည်။

တိုက်ခိုက်မှုကြောင့် လက်ထောက် ရော်နယ်ချောင်မှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး သွားဆရာဝန် အသက် ၇၄ နှစ်အရွယ် ဒေါက်တာရစ်ချတ်ဟူလီနှင့်  ၈၂ နှစ်အရွယ်  ဇနီးဖြစ်သူ မာဂရက်တို့  ဒဏ်ရာ ရရှိခဲ့သည်။

သွားဆေးခန်းသည် နာမည်ကြီး Empress ဈေးနှင့် မျက်နှာချင်းဆိုင်တွင်တည်ရှိပြီး လမ်းထဲတွင် တရုတ်သွားဆရာဝန်များ ဆယ်စုနှစ်များစွာ ဖွင့်လှစ်ထားသည့် အခြားသော သွားဆေးခန်းများလည်း ရှိသည်။

“အဲဒီအချိန်က လမ်းသွားလမ်းလာတွေ များတဲ့အချိန်ပါ။ သေနတ်ပစ်သံ ၂ ချက် ၃ ချက်သံကြားပြီး ဆူဆူညံညံတွေ ဖြစ်ကုန်ပါတယ်။ အခြေနေတွေ ရှုပ်ထွေးနေတုန်း အဲဒီလူ လွတ်မြောက်သွားပုံရတယ်” ဟု အနီးဝန်းကျင်ရှိ ဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံပရောဂျက်များ စတင်ပြီးနောက်ပါကစ္စတန်တွင် နှစ်ပေါင်းများစွာ အခြေချပြီး ကိုယ်ပိုင်စီးပွားရေး ထူထောင်သူ သို့မဟုတ် အရာရှိနှင့် အလုပ်သမား တရုတ်နိုင်ငံသားအများအပြားကို ဆာဒါဒေသတွင် အများအပြား တွေ့ရှိလာရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required