နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်မှာ ရန်စမှုမဟုတ်ဘဲ တရုတ်ကသာ တစ်ခုတည်းသော ခြိမ်းခြောက်မှုဖြစ်ကြောင်း မိုက်ပွန်ပီယိုပြော

By Taiwan Focus
27 September 2022
နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်မှာ ရန်စမှုမဟုတ်ဘဲ တရုတ်ကသာ တစ်ခုတည်းသော ခြိမ်းခြောက်မှုဖြစ်ကြောင်း မိုက်ပွန်ပီယိုပြော

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ပွန်ပီယိုက တရုတ်နိုင်ငံအား ဒေသတွင်းအတွက် တစ်ခုတည်းသော ခြိမ်းခြောက်မှုဟု စက်တင်ဘာ ၂၈ ရက်တွင် ပြောဆိုလိုက်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ် ခရီးစဉ်နှင့် ထိုင်ဝမ်၏ အချုပ်အခြာအာဏာကာကွယ်မှုအား ရန်စမှုနှင့် ခြိမ်းခြောက်မှုအဖြစ် ဖော်ပြချက်ကို ငြင်းပယ်လိုက်သည်။

ကောင်ရွှန်းမြို့၌ ကမ္ဘာ့ထိုင်ဝမ်ကုန်သည်ကြီးများအသင်း နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခံရသော ပွန်ပီယိုက ပလိုစီ၏ ခရီးစဉ်ကို ရန်စမှုအဖြစ်ဖော်ပြသော သတင်းတချို့ကို တွေ့မြင် ခဲ့ရကြောင်း ပြောကြားခဲ့သည်။

 “ခင်ဗျားတို့နဲ့ ခင်ဗျားတို့သမ္မတဟာ ကိုယ်ပိုင်အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အခြေခံရပိုင်ခွင့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရေး ဆွေးနွေးပြောဆိုကြတာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။

 “ဘယ်သူက ခြိမ်းခြောက်နေလဲဆိုတာ ကျွန်တော်တို့ မမေ့သင့်ပါဘူး။ ဒါဟာထိုင်ဝမ်ပြည်သူတွေလည်း မဟုတ်ပါဘူး။ အမေရိကန်လည်းမဟုတ်ပါဘူး။ 

ဒေသအတွက် တစ်ခုတည်းသော ခြိမ်းခြောက်မှုက တရုတ်ကွမြူနစ်ပါတီပါပဲ” ဟု ပွန်ပီယိုက ပြောသည်။

 ထို့ပြင် ပွန်ပီယိုက တရုတ်နိုင်ငံနှင့် ရေရှည်စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံမှုများကို စွန့်လွှတ်ပြီး ထိုင်ဝမ်နှင့် ပိုမိုနီးကပ်စွာလုပ်ဆောင်ရန် အမေရိကန်အား တောင်းဆိုခဲ့သည်။
 
အမေရိကန်နှင့် ထိုင်ဝမ်တို့သည် ရလဒ်များထွက်ပေါ်ရန် စွမ်းရည်၊ လူသားအရင်းအနှီး၊ နည်းပညာနှင့် စေတနာတို့ရှိခြင်းကြောင့် တရုတ်ဈေးကွက်ကို အားကိုးရန် မလိုအပ်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

 သမ္မတ စိုင်အင်ဝမ်လည်း အစည်းအဝေးတက်ရောက်ခဲ့ပြီး ထိုင်ဝမ်ကို ထောက်ခံအားပေးမှုအတွက် ပွန်ပီယိုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required