ပါကစ္စတန်အစိုးရက လူနည်းစုများ၏ အခွင့်အရေးများအပေါ် အကြီးအကျယ် ချိုးဖောက်ထားဟု အိန္ဒိယ ဝေဖန်

By Zee5
27 September 2022
ပါကစ္စတန်အစိုးရက လူနည်းစုများ၏ အခွင့်အရေးများအပေါ် အကြီးအကျယ် ချိုးဖောက်ထားဟု အိန္ဒိယ ဝေဖန်

လူနည်းစုများနှင့် ကက်ရှ်မီးယားအရေးနှင့်ပတ်သက်ပြီး ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဘီလာဝဲလ် ဘူတို ဇာဒါရီ ကုလသမဂ္ဂတွင် မှတ်ချက်စကားများ ပြောဆိုခဲ့ခြင်းအပေါ် အိန္ဒိယသံတမန် စရီနီဗက်စ် ဂိုထရူက စက်တင်ဘာ ၂၁ ရက်တွင် အပြင်းအထန် ဝေဖန်လိုက်သည်။

လူနည်းစုများ၏ အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်ထားခဲ့သည့် ပါကစ္စတန်သည် လူနည်းစုများ၏ အခွင့်အရေးအကြောင်း ပြောဆိုခြင်းက အထင်နှင့်အမြင် တစ်ခြားစီ ဆိုသလို ဖြစ်နေကြောင်း ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အိန္ဒိယ တွဲဖက်အတွင်းဝန် ဂိုထရူက ပြောသည်။

“အထင်နဲ့ အမြင် တစ်ခြားစီ ဆိုသလို ပါကစ္စတန်ဟာ လူနည်းစုတွေရဲ့ အခွင့်အရေးတွေအကြောင်း ပြောနေ တော့တာပဲ။ ရှက်စရာ ကောင်းတဲ့ မှတ်တမ်းကို ဖုံးကွယ်ဖို့ ဒေတာအချက်အလက်တွေကို ထုတ်ပြန်တာမျိုး မလုပ်ဘဲ ရပ်ထားတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ခုလို ဒီအကြောင်းကိစ္စအကြောင်း ပြောလာတာကတော့ အံ့အားသင့်စရာပါ။ ပါကစ္စတန်မှာက ကမ္ဘာမှာ မြင်တွေ့ထားသမျှတွေထဲမှာ အပြင်းထန်ဆုံး လူနည်းစု အခွင့်အရေးတွေဆိုင်ရာ ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းတစ်ခု ရှိပါတယ်” ဟု အိန္ဒိယသံတမန်က လူနည်းစုများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်လယ်ဗယ် အစည်းအဝေးတစ်ခုတွင် ပြောသည်။

ပါကစ္စတန်သည် ဆစ်ခ်များ၊ ဟိန္ဒူများ၊ ခရစ်ယာန်များနှင့် အဟ်မဒီယာများ အပေါ် ကြီးလေးသည့် အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေကြောင်း ဂိုထရူက ပြောသည်။ ပါကစ္စတန်တွင် အထူးသဖြင့် လူနည်းစု အသိုင်းအဝိုင်းများမှ မိန်းကလေးများ အပါအဝင် အမျိုးသမီးများနှင့် ကလေး ၁၀၀၀ ခန့်သည် အဓမ္မခေါ် ဆောင်ခံရမှု၊ အတင်းအကျပ် လက်ထပ်ပေးစားခံရမှုနှင့် အတင်းအကျပ် ဘာသာပြောင်းခိုင်းမှုဒဏ် ခံထားခဲ့ ရကြောင်း ၎င်းက ပြောသည်။

“ပါကစ္စတန်ကိုယ်စားလှယ် ဘယ်လိုပဲ ယုံကြည်ယုံကြည်၊ ဘယ်လိုပဲ ငမ်းငမ်းတက် လိုချင်လိုချင်၊ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေနဲ့ လာဒက်ခ်ဒေသတို့ဆိုတာက မိမိတို့ အိန္ဒိယရဲ့ သီးခြားခွဲထုတ်မရတဲ့ အစိတ်အပိုင်းတွေအဖြစ် အမြဲရှိနေပါမယ်။ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ပါကစ္စတန်ကို မိမိတို့ တောင်းဆိုပါတယ်။ ဒါမှလည်း မိမိတို့နိုင်ငံသားတွေဟာ လွတ်လပ်မှုနဲ့အတူ ရှင်သန်နေထိုင်နိုင်မှာပါ။ သူတို့ (ပါကစ္စတန်) အနေနဲ့ ဒီလိုမျိုး အစည်းအဝေးတွေမှာ အလွဲသုံးစားလုပ်တာနဲ့ နိုင်ငံရေးဇာတ်သွင်းဖို့ ကြိုးပမ်းတာ တွေကို ရှောင်ကြဉ်လိမ့်မယ်လို့ မိမိတို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly