အကျဉ်းထောင်ထဲမှာ ဖိအားပေးခံခဲ့ရကြောင်း ကြက်ဖကြီးဟု စွပ်စွဲခံထားရသူ ကိုလှဘုန်းပြော

အကျဉ်းထောင်ထဲမှာ ဖိအားပေးခံခဲ့ရကြောင်း ကြက်ဖကြီးဟု စွပ်စွဲခံထားရသူ ကိုလှဘုန်းပြော

ရန်ကုန်၊ဖေဖော်ဝါရီ ၂၅ ။          ။ ကြက်ဖကြီးအကောင့်ပိုင်ရှင်ဟုစွပ်စွဲပြောဆိုထားသော ကိုလှဘုန်းကို မနေ့က ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် စစ်ကြောရေးမှ စစ်ဆေးမေးမြန်းရာ ဖိအာပေးမှုများ ရှိနေကြောင်း ကိုလှဘုန်းက  ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မရမ်းကုန်းတရားရုံးသို့ ရုံးထုတ်လာစဉ် မီဒီယာများကို ပြောကြားခဲ့သည်။

" မနေ့က ကျွန်တော့်ကို နှစ်ကြိမ်လာစစ်တယ်။ ပထမတစ်ကြိမ်က မနက် ၁၀ နာရီခွဲကနေ ၁၂ နာရီထိ ညနေကျတော့ ၂ နာရီခွဲကနေ ၄ နာရီလောက်ထိမေးပါတယ်။ဘာတွေမေးလဲဆိုတော့ ကိုယ်ရေးကိုယ်တာတွေမေးတယ် ပြီးတော့ မင်းရဲ့ ကိုယ်ရေးကိုယ်တာတွေကို သိရပြီ မင်းဝန်ခံပါဆိုပြီး ပြောတယ်။ ကျွန်တော်ကလည်း ကိုယ်မဟုတ်တဲ့အတွက် ဝန်မခံနိုင်ဘူးလို့ ပြောတယ်။ သူတို့က နှစ်ခါတိတိဝန်ခံခိုင်းတယ်။ " ကိုလှဘုန်းက ပြောသည်။

ကိုယ်ရေးကိုယ်တာကိစ္စရပ်များမေးမြန်းခြင်း၊ကိုလှဘုန်းရုံးထုတ်ကို လာရောက်သော သူငယ်ချင်းများ၏ နာမည်နှင့် ဖုန်းနံပါတ်များကို ပြောဆိုခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့ခဲ့သည့်အပြင် ကိုလှဘုန်းမဖြေနိုင်ပါက ကိုလှဘုန်းဇနီးအား သွားရောက်မေးမြန်းမည်ဟု ပြောခဲ့ကြောင်း ကိုလှဘုန်းက ပြောသည်။

ကျွန်တော်က မဖြေနိုင်တော့ဘူး။ သိန်းဗိုလ်ထွန်းဆိုတဲ့သူက ကျွန်တော့်ကို အရမ်း ဖိအားတွေပေးတယ်။ သူတို့ လိုချင်တဲ့ မေးခွန်းတွေပဲ မေးနေလို့ မဖြေနိုင်ဘူးပြောတော့ မင်းမဖြေနိုင်ရင် မင်းမိန်းမကို သွားမေးမယ်လို့ ပြောတယ်။ ပြီးတော့ ကျွန်တော့်ကို အခြား စာမျက်နှာတွေက တင်တဲ့ဟာတွေပါ စွပ်စွဲတာပါ။ ကျွန်တော်ကြက်ဖကြီး မဟုတ်ပါဘူး။ လုံး၀ မဟုတ်ပါဘူး။ ကျွန်တော့်အကောင့်က မြန်မာလို ကိုဘုန်းအကောင့် တစ်ခုပဲ ရှိတာပါ။ ”ဟု ပြန်ပြောခဲ့ကြောင်း ကိုလှဘုန်းက ရှင်းပြသည်။

စွပ်စွဲခံထားရသူ ကိုလှဘုန်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ညက နေအိမ်တွင်လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ယခုစွဲဆိုထားသော ဆက်သွယ်ရေးပုဒ်မဖြစ်သည့် ၆၆ ဃ အပြင် အခြားပုဒ်မများနှင့်လည်း တရားစွဲဆိုခြင်း ခံထားရသေးကြောင်းလည်း သိရသည်။

ကိုလှဘုန်းကို မတ် ၄ ရက်နေ့၌ မရမ်းကုန်းတရားရုံးတွင် ထပ်မံစစ်ဆေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly