" မရတော့ဘူး ဈေးတက်သွားပြီ " (ဆောင်းပါး)

By မေဘယ်လ်သူ
27 September 2022
" မရတော့ဘူး ဈေးတက်သွားပြီ " (ဆောင်းပါး)

စက်တင်ဘာ ၂၇

(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းခဲ့ချိန်မှစ၍ မြေပြင်မှသည် မိုးပေါ်သို့ တဖြည်းဖြည်းထိုးတက်နေသည့် ကုန်ဈေးနှုန်းများမှာ ပြန်လည်၍ကျဆင်းလာခြင်း မရှိသေးပေ။

မြင့်တက်လာသည့်အထဲတွင် အခြေခံစားသောက်ကုန်အပါအဝင်၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများနှင့် စက်သုံးဆီ၊ ရွှေ၊ ငွေလဲလှယ်နှုန်းထားများ စသဖြင့်ပါဝင်သည်။

ယခုကာလတွင် အများဆုံးကြားရသည်မှာ "မရတော့ဘူး၊ ဈေးတက်သွားပြီ" ဆိုသည့် နှစ်လိုဖွယ်မရှိသော စကားစုပင်ဖြစ်သည်။

" မရတော့ဘူး၊ ဈေးတက်သွားပြီ ဆိုတဲ့စကားကို ကြားကိုမကြားချင်တော့ဘူး၊ ဈေးကျသွားတယ်ဆိုတာမျိုး ကြားရဖို့မျှော်လင့်နေတယ်။ " ဟု မဇ္ဈိမ၏သတင်းရင်းမြစ် တစ်ဦးဖြစ်သည့် ဒေါ်မိုးမိုး (အမည်လွှဲ) က ရင်ဖွင့်ပြောဆိုသည်။

အဆိုပါ " မရတော့ဘူ၊ ဈေးတက်သွားပြီ " ဆိုသည့် နှစ်လိုဖွယ်မရှိသော စကားစုကို နေ့စဉ်လိုလို ကြားနေရပြီး ငြီးငွေ့နေကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် လက်ရှိအချိန်တွင် သူမကြားချင်ဆုံးစကားဟုဆိုထားပြီး မြေပြင်မှသည်မိုးပေါ်သို့ တဖြည်းဖြည်းထိုးတက်နေသည့် ကုန်ဈေးနှုန်းများကို မုန်းတီးနေပြီဟုလည်း ပြောသည်။

" ကုန်ဈေးနှုန်းက တက်လိုက်တာဆိုတာ မိုးပေါ်ကကို ဆင်းမလာတော့ဘူး။ ဒါတွေအားလုံးရဲ့ တရားခံက မလအနဲ့အပေါင်းအဖော်တွေရယ်၊ ခေတ်ပျက်ကြီးထဲက တစ်ကိုယ်ကောင်းဆန်တဲ့ လူတွေကြောင့်ပဲ " ဟု သူမကဆိုသည်။

ပြီးခဲ့တဲ့ လပိုင်းများမှစတင်ကာ စက်တင်ဘာလဆန်းပိုင်းအတွင်း၌ပင် အခေါက်ရွှေဈေးသည် တစ်ကျပ်သား ၃၇ သိန်းကျော်၊ အမေရိကန်တစ်ဒေါ်လာ ၄,၅၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။

ထို့အပြင် စက်သုံးဆီဈေးနှုန်းအနေဖြင့်လည်း ဒီဇယ်တစ်လီတာလျှင် ၃,၂၀၀ ကျပ်ဝန်းကျင်၊ ၉၂ တစ်လီတာ ၂,၅၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂,၆၃၅ ကျပ် အထိ ဈေးမြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အပြင် ဆန်တစ်အိတ်လျှင် တစ်သိန်းကျော်၊ စားအုန်းဆီတစ်ပိဿာဆိုပါက တစ်သောင်းကျော် အထိ ဈေးတက်ခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများသည်လည်း နှစ်ဆနီးပါး ဈေးတက်ခဲ့သည်။

ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုများအပေါ် အမှီပြုပြီး အခြေခံစားသောက်ကုန်အပါအဝင်၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာလည်း နှစ်ဆခန့်အထိ တက်လာသည့်အခြေအနေရှိနေသည်။

" မအလ အာဏာသိမ်းထားတဲ့အခြေအနေမှာ ရွှေဝယ်စုတယ်၊ ဒေါ်လာဝယ်စုတယ်။ အိမ်ခြံမြေဝယ်စုတယ်ဆိုတာမျိုးက လူကုံထံအသိုင်းအဝိုင်းနဲ့ လူလတ်တန်းစားတွေပဲ ဝယ်စုနိုင်တဲ့အခြေအနေပါ။ တချို့လူလတ်တန်းစားတွေတောင် ဝယ်မစုနိုင်ဘူး " ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးဖြစ်သည့် ကိုသီဟ (အမည်လွှဲ) ကလည်း ဆိုသည်။

ထိုသို့ အိမ်ခြံမြေ၊ ရွှေနှင့် ဒေါ်လာများဝယ်စုနေသည့် လူတန်းစားတစ်ရပ်ရှိပြီး၊ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးများကိုသာ ဝယ်စုနေသည့် လူလတ်တန်းစားများလည်းရှိနေသည်။

သို့သော် နိုင်ငံ၏ လူဦးရေအများစုဖြစ်သည့် အောက်ခြေလူတန်းစားများမှာမူ အခြေခံစားသောက်ကုန် ဝယ်ယူရန်ပင် ခက်ခဲသည့်အခြေအနေများ ရှိနေသည်။

" တချို့ဆိုရင် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေရှိတယ်။ ဒီလူတွေရဲ့ဘဝဟာ ပိုဆိုးတယ်။ ကုန်ဈေးနှုန်းတွေက ဒီနေ့ဈေးတစ်မျိုး၊ နောက်နေ့ဈေးတစ်မျိုး ပြောင်းလဲနေတာ။ ဒီဈေးနဲ့မရတော့ဘူး။ ဈေးတက်သွားတယ်ဆိုတဲ့စကားမျိုးဟာ အောက်ခြေလူတန်းစားတွေအတွက် နားဝင်မချိုတဲ့ စကားပဲ" ဟု ကိုသီဟ (အမည်လွှဲ) ကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်လာမှုအပြင် အလုပ်အကိုင်ရှားပါးမှုပြဿနာဖြင့်ပါ ကြုံတွေ့နေရသည့်အတွက် တစ်နေ့လုပ်၊ တစ်နေ့စားများ ဟုခေါ်ကြသည့် အောက်ခြေလူတန်းစားများမှာ ပို၍ခက်ခဲနေကြသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မြို့ကြီးအချို့တွင် နေ့စားအလုပ်သမားများ၏ ဝင်ငွေမှာ ၁၀,၀၀၀/- ကျပ်မှ ၁၃,၀၀၀/- ဝန်းကျင်အထိရှိသော်လည်း အခြားသောမြို့နယ်များနှင့် ကျေးရွာများတွင် ၇,၀၀၀/- ကျပ်မှ ၁၀,၀၀၀/- ဝန်းကျင်အထိသာ ရရှိကြောင်း သိရသည်။

" တစ်နေ့လုံး လုပ်မှရတဲ့ငွေက ၁၀,၀၀၀/- ဝန်းကျင်ပဲရတာ။ မနက်အစောကြီး ထမင်းထုပ်နဲ့သွားပြီး ညနေမှောင်မှ ပြီးတဲ့ရက်တွေလည်းရှိတယ်။ အပြန်မှ တစ်ရက်စာ ဆန် တစ်ဗူး နှစ်ဗူးဝယ်ရတယ်။ ဆီဝယ်ရတယ်။ ဟင်းချက်စရာ ဝယ်ရတယ်။ နောက်ရက် ထမင်းထုပ်ဖို့အတွက်ပါ ဝယ်ရတာပေါ့။ ဒီလိုဆိုရင်ပဲ ရလာတဲ့ပိုက်ဆံကကုန်ပြီ " ဟု မိတ္ထီလာမြို့တွင်နေထိုင်သည့် ပန်းရံအလုပ်လုပ်သူ တစ်ဦးက မဇ္ဈိမသို့ပြောသည်။

ထို့အပြင် အလုပ်မရှိသည့် ရက်များလည်းရှိပြီး ထိုရက်များတွင် နေ့ပြန်တိုးယူကာ စားသောက်ရေးအတွက် ဖြေရှင်းရကြောင်းလည်း ၎င်းကပြောသည်။

" ပန်းရံအလုပ်ဖြစ်တဲ့အတွက် နေ့စဉ်အလုပ်မရှိဘူး။ အဲ့ဒီရက်တွေမှာ နေ့ပြန်တိုးယူရတယ်။ နောက်ရက် အလုပ်ရှိတဲ့နေ့ကျရင် ငွေပြန်ဆပ်ရတယ်။ တချို့အလုပ်သမား ခေါင်းဆောင်တွေကလည်း နေ့စဉ်ရက်ရှင်းပေးသလို၊ တစ်ပတ်တစ်ခါ ငွေရှင်းပေးတဲ့သူတွေလည်း ရှိတယ်။ တစ်ခါတစ်လေ နေ့ပြန်တိုးယူမရတဲ့အခါ ခေါင်းဆောင်ဆီက ငွေကြိုထုတ်ရတာမျိုး ရှိတာပေါ့ " ဟု ၎င်းက ရင်ဖွင့်ပြောဆိုသည်။

တစ်ရက်တာလုံးအလုပ်လုပ်ပြီး ရရှိလာသည့်လုပ်အားခမှာ စားသောက်ရေးအတွက်သာ ဖြေရှင်းရပြီး ကျန်းမာရေးကိစ္စများအတွက်ဖြေရှင်းရန် ငွေမရှိကြောင်းလည်းဆိုသည်။

" တစ်ရက်ရတာက တစ်ရက်စားဖို့ပဲ။ နေမကောင်း မကျန်းမာဖြစ်လာပြီဆိုရင် ချေးငှားပြီး ဖြေရှင်းရတယ် " ဟု ၎င်းက ပြောသည်။

ပြီးခဲ့တဲ့ လပိုင်းများအတွင်း မြင့်တက်ခဲ့တဲ့ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများနှင့် စက်သုံးဆီ၊ ရွှေ၊ ငွေလဲလှယ်နှုန်းထားများမှာ စက်တင်ဘာလအလယ်မှစ၍ တဖြည်းဖြည်း ပြန်လည်းကျဆင်း လာခဲ့လေသည်။

အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၃၇ သိန်းကျော်ထိ မြင့်တက်ခဲ့ရာမှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားကို ၂၇သိန်းဝန်းကျင်၊ အမေရိကန်တစ်ဒေါ်လာလျှင် ၄,၅၀၀ ကျပ်အထိ မြင့်တက်ခဲ့ရာမှ ၃,၂၀၀ ဝန်းကျင်၊ စက်သုံးဆီဈေးတွေမှာတော့ ဒီဇယ် တစ်လီတာကို ၂,၆၀၀ ဝန်းကျင်၊ ၉၂ တစ်လီတာ ၂,၀၀၀ ကျပ်ဝန်းကျင်၊ ၉၅ တစ်လီတာ ၂,၁၀၀ ဝန်းကျင်အထိ အသီးသီး ဈေးပြန်ကျခဲ့သည်။

သို့သော် ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုများအပေါ်အမှီပြုပြီး နှစ်ဆခန့်ဈေးနှုန်းမြင့်တက်ခဲ့သည့် အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာမူ ပြန်လည်ကျဆင်းလာခြင်း မရှိသေးပေ။

" အခု ရွှေဈေး၊ ဒေါ်လာဈေးကျပြီးရင် ကုန်ဈေးနှုန်းလည်းပြန်ကျရမှာပေါ့။ အခုက ဈေးသည်တွေကလည်း တက်ဈေးနဲ့ရောင်းရတာကိုပဲ ကျေကျေနပ်နပ်ရောင်းနေကြတယ်။ အခုထိ ဈေးပြန်ကျသွားတဲ့ ကုန်ဈေးနှုန်းတစ်ခုမှမရှိသေးဘူး" ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးဖြစ်သည့် ဒေါ်မိုးမိုး (အမည်လွှဲ) ကဆိုသည်။

" မရတော့ဘူး၊ ဈေးတက်သွားပြီ" ဆိုသည့် နှစ်လိုဖွယ်မရှိသော စကားထက် ရွှေဈေး၊ ဒေါ်လာဈေးကျသောကြောင့် အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းကျသွားပြီ" ဟူသောစကားကိုသာလျှင် မျှော်လင့်ကြောင်း မဇ္ဈိမသို့ အင်တာဗျူးဖြေကြားပေးခဲ့သူအားလုံးက တညီတညွတ်တည်း ရင်ဖွင့်ပြောဆိုခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကုန်ဈေးနှုန်း

#ရွှေဈေး

#ဒေါ်လာဈေး

#ဆောင်းပါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly