တရုတ်အာဏာပိုင်များက အချိန်မီမကူညီသောကြောင့် တိဗက် ၃ ဦး ကိုဗစ်ရောဂါဖြင့် သေဆုံး 

တရုတ်အာဏာပိုင်များက အချိန်မီမကူညီသောကြောင့် တိဗက် ၃ ဦး ကိုဗစ်ရောဂါဖြင့် သေဆုံး 

တရုတ်အာဏာပိုင်များက အချိန်မီဆေးကုသမှုမလုပ်ပေးနိုင်သောကြောင့် တိဗက်လူမျိုး ၃ ဦးသည် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့ရသည်ဟု သတင်းရင်းမြစ်များကို ကိုးကား၍ RFA က ဖော်ပြသည်။
 
တိဗက်တွင် ကိုဗစ်ရောဂါကူးစက်မှုများ များပြားလာသလို တရုတ်အာဏာပိုင်များက သင့်တင့်လျောက်ပတ်သော ဆေးကုသမှု သို့မဟုတ် သန့်ရှင်းမှုမရှိဘဲ တိဗက်များကို ကိုဗစ် ကူးစက်သည်ဖြစ်စေ မကူးစက်သည်ဖြစ်စေ အသွားအလာ ကန့်သတ်ဆောင်များတွင် ထိန်းသိမ်းထားသည်ဟု ရင်းမြစ်များက ဆိုသည်။

 သေဆုံးသွားသူ ၃ ဦးစလုံးသည် အချိန်မီ ဆေးကုသမှုမလုပ်နိုင်ခဲ့သည့်အတွက် သေဆုံးရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက RFA ကို ပြောသည်။ 
“သူတို့ဟာ လိုအပ်တဲ့ ကုသမှုမရခဲ့လို့ သေဆုံးခဲ့ကြရတာပါ” ဟု လုံခြုံရေးအကြောင်းပြချက်ဖြင့် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ထို့ပြင် တိဗက်တွင် တရုတ်အစိုးရကထုတ်ပြန်သော ကိုဗစ်ကြောင့်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်၍ ကွဲလွဲမှုများ ရှိနေသည်။ တရုတ်အစိုးရက တိဗက်တွင် ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဦးမျှမရှိကြောင်း ကြေညာထားသည်ဟု RFA သတင်းရင်းမြစ်က ပြောသည်။

“တိဗက်လူမျိုးတွေ အများအပြား သေဆုံးသွားပြီလို့ ကျွန်တော်တို့ ထင်ပါတယ်။ အာဏာပိုင်တွေက လူတွေကို ကိုဗစ်ပိုး ရှိရှိ မရှိရှိ အသွားအလာကန့်သတ်တဲ့ အဆောင်တွေမှာ ပိတ်လှောင်ထားပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကူးစက်ခံရသူ ဆက်လက်မြင့်တက်နေသဖြင့် တရုတ်အာဏာပိုင်များက လာဆာမြို့တွင် လွန်ခဲ့သော ၃၁ ရက် ကတည်းက အသွားအလာပိတ်ဆို့ခဲ့သည်။ အစိုးရ၏သတင်းရင်းမြစ်များအရ စက်တင်ဘာ ၁၅ ရက် တစ်ရက်တည်းမှာပင် ကိုဗစ်အတည်ပြုလူနာ ၁၆ ၃၂၇ ဦးရှိသည်။

ကိုဗစ်-၁၉ ပျံ့နှံ့မှုကို တားဆီးရန် တိဗက်၌ လက်ရှိပြဋ္ဌာန်းထားသော အသွားအလာပိတ်ဆို့မှု ကန့်သတ်ချက် များကြောင့် စားနပ်ရိက္ခာများပြတ်လပ်ကာ ပြည်သူများ၏ နေ့စဉ် လူနေမှုဘဝကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly