နိုင်ငံတကာ အထောက်အပံ့ရသော်လည်း ပါကစ္စတန်၏ စီးပွားရေး ဆက်လက် ကျဆင်းနေ

နိုင်ငံတကာ အထောက်အပံ့ရသော်လည်း ပါကစ္စတန်၏ စီးပွားရေး ဆက်လက် ကျဆင်းနေ

ဆော်ဒီအာရေဗျနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ အကူအညီ အထောက်အပံ့ကို ရသော်လည်း ပါကစ္စတန်သည် ဘဏ္ဍာငွေကြေး ချို့တဲ့မှုနှင့်အတူ စီးပွားရေး ပြိုလဲမှု ဖြစ်လုနီးနီး အခြေအနေတွင် ရှိနေသည်။

နိုင်ငံရေး မတည်ငြိမ်မှု၊ ယိုယွင်းဆိုးရွားလာနေသော စီးပွားရေး ပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု လွဲမှားခြင်းတို့ကြောင့် အဆိုပါနိုင်ငံသည် အစဉ်အလာ မိတ်ဖက်များထံမှ ရင်းနှီးမြှုပ်နှံမှု စီးဝင်မှု လျော့နည်းခမ်းခြောက်မှု အခြေအနေသို့ ရောက်ရှိနေသည်ဖြစ်ရာ စီးပွားရေး အန္တရာယ်များနှင့် နိုင်ငံရေး မသေချာမရေရာမှုတို့ကို ကြုံတွေ့ရစေကြောင်း Asian Lite International မီဒီယာက ဖော်ပြသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်က IMF ဘုတ်အဖွဲ့သည် ပါကစ္စတန်အတွက် ထပ်တိုး ဘဏ္ဍာငွေကြေး ထောက်ပံ့ထုတ်ချေးမှု အစီအစဉ် (EFF) အောက်တွင် ခုနစ်ကြိမ်မြောက်နှင့် ရှစ်ကြိမ်မြောက် ပူးပေါင်းသုံးသပ်မှုများကို အပြီးသတ်ခဲ့သည့်အတွက် ပါကစ္စတန်အာဏာပိုင်တို့အနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံနှင့် ညီမျှသည့် ချေးငွေပမာဏတစ်ရပ် ချေးယူနိုင်ခွင့် ရစေသည်ဖြစ်ရာ နိုင်ငံအတွက် မျှော်လင့်ချက် ဖြစ်စေခဲ့သည်။

သို့သော်  ပါကစ္စတန်တွင် များမကြာမီက မုတ်သုံရာသီ မိုးကြီးပြီး ရေလွှမ်းမိုးမှုများ အကြီးအကျယ် ဖြစ်ပေါ်မှုကြောင့် စီးပွားရေးအကျပ်အတည်းမှ အလျင်အမြန် ပြန်လည်ရုန်းထမည့် မျှော်လင့်ချက်ကို လျော့ကျစေခဲ့ကြောင်း Asian Lite International က ဖော်ပြသည်။

သဘာဝဘေးဒုက္ခဆိုးကြောင့် ဖြစ်ပေါ်သည့် ကနဦး ခန့်မှန်း ဆုံးရှုံးမှုတန်ဖိုးပမာဏက အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံခန့်အထိ ရှိနေခဲ့သည်။ 

ရေကြီးမှုကြောင့် ပါကစ္စတန်၏ စိုက်ပျိုးရေးကဏ္ဍသည် အဆိုးဆုံး ထိခိုက်မှု ကြုံတွေ့ခဲ့ပြီး စိုက်ပျိုးမြေဧရိယာ စတုရန်းကီလိုမီတာ ၁၈၀၀၀ ထက်မနည်း ပျောက်ပျက်သွားခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍ တိုးတက်မှုနှုန်းက လက်ရှိ ဘဏ္ဍာနှစ် ၂၀၂၂-၂၃ အတွက် မျှော်မှန်း လျာထားချက်ဖြစ်သော ၃ ဒသမ ၉ ရာခိုင်နှုန်းနှင့် ယှဉ်ပါက သုညတွင် ဆက်ရှိနေခြင်း သို့မဟုတ် အနုတ်လက္ခဏာသို့ ကျဆင်းသွားခြင်းတို့ ဖြစ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required