တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံပြင်ပ၌ ရဲဌာန ၅၄ ခုဖွင့်လှစ်ထား

By Tibet Rights Collective
17 September 2022
တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံပြင်ပ၌ ရဲဌာန ၅၄ ခုဖွင့်လှစ်ထား

တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံပြင်ပ၌ ရဲဌာနပေါင်း ၅၄ ခုဖွင့်လှစ်ထားပြီး ဥရောပတစ်ခုတည်းတွင်ပင် ဌာနပေါင်း ၃၆ ခု ရှိသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Safeguard Defenders ကဖော်ပြသည်။
 
အတိုက်အခံ လှုပ်ရှားမှုများအပါအဝင် တရားရင်ဆိုင်ရေးအတွက် ဇာတိနိုင်ငံပြန်ရန် ခြိမ်းခြောက်အကျပ်ကိုင်ရန် ရည်ရွယ်ကာ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
 
ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီအပါအဝင် ဥရောပနိုင်ငံ ၁၆ နိုင်ငံတွင် အဆိုပါလျှို့ဝှက်သော "ပြည်ပရ ဲဝန်ဆောင်မှုစင်တာများ" ကို တရုတ်နိုင်ငံမှ ဖွင့်လှစ်ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၎င်းသည် တရုတ်နိုင်ငံသားများအား လိုက်လံရှာဖွေပြီး မွေးရပ်နိုင်ငံသို့ပြန်ရန် ခြိမ်းခြောက်အကျပ်ကိုင်သော တရုတ် ကွန်မြူနစ်ပါတီနှင့်ဆက်စပ်သည့်ရုံးကွန်ရက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဖော်ပြထားသည်။
  
တရုတ်နိုင်ငံသည် ပြည်ပရှိ နိုင်ငံရေး သဘောထားကွဲလွဲသူများကို နှောင့်ယှက်နေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက သတိပေးထားပြီး အတိုက်အခံများကို ပြန်လည်ခေါ်ဆောင်ရန် အင်တာပိုလ်ကို အလွဲသုံးစား လုပ်မှုဖြင့် ယခင်က စွပ်စွဲခံခဲ့ရသော်လည်း ပြည်ပတွင် ရဲဌာနများ တိုးချဲ့လာခြင်းဖြစ်သည်။

အဆိုပါ ဌာနများသည် တရုတ်ခရီးသွားများ၏ စာရွက်စာတမ်းကိစ္စကိုသာ ကူညီရန် ဖြစ်သည်ဟု ပြောဆိုထားသော်လည်း အမှန်တကယ်တွင် တရုတ်နိုင်ငံသားများကို ရှာဖွေကာ အတင်းအကျပ် နေရပ်ပြန်ခိုင်းရန် ဖြစ်ကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

အဆိုပါဌာနများ၏ လှုပ်ရှားမှုကို ရဲများနှင့်ပြည်သူများက သတိမထားမိကြကြောင်း လူ့အခွင့်အရေးအဖွဲ့ Safeguard Defenders က ပြောသည်။

နယူးယောက်မြို့တွင်လည်း တရုတ်လျှို့ဝှက်ရဲဌာနတစ်ခုရှိကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

တရုတ်နိုင်ငံသားများကို တရားဝင်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များအစား အကျပ်ကိုင်ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခြင်းအားဖြင့် တရုတ်သည် အနောက်နိုင်ငံများ၏ လူ့အခွင့်အရေးအပေါ်စေ့စပ်သေချာမှုစံချိန်ကို လျော့ပါး စေခဲ့သည်ဟု Safeguard Defenders ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly