စီးပွားရေးအကျပ်အတည်းကြောင့် အာဖဂန်တွင် အွန်လိုင်း ဈေးအရောင်းအဝယ်များ ရပ်ဆိုင်း

စီးပွားရေးအကျပ်အတည်းကြောင့် အာဖဂန်တွင် အွန်လိုင်း ဈေးအရောင်းအဝယ်များ ရပ်ဆိုင်း

အာဖဂန်နစ္စတန်နိုင်ငံတွင် ဘဏ္ဍာရေး အကျပ်အတည်းကြောင့် မကြာသေးခင်က အဓိက အွန်လိုင်းရှော့ပင်း ဝန်ဆောင်မှုလုပ်ငန်းနှစ်ခု ၎င်းတို့၏ လုပ်ငန်းများ ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီးနောက်တွင် ယခုအခါ  အဓိက အွန်လိုင်း ဈေးရောင်းဝယ် ဝန်ဆောင်မှုလုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းသွားပြီ ဖြစ်သည်။

အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် တစ်နှစ်နီးပါးအကြာတွင် အဆိုပါနိုင်ငံတွင် တရားဝင် စီမံအုပ်ချုပ်မှု လုပ်နိုင်စွမ်းပိုင်းတွင် ကွာဟမှုကြောင့် လုံးလုံးလျားလျား အကျပ်အတည်းတစ်ခုဆီ ဦးတည် စေခဲ့ သည်။ ယခင် အာဖဂန်နစ္စတန်အစိုးရ ရုတ်တရက် ပြုတ်ကျသွားမှုကြောင့် အဆိုပါနိုင်ငံတွင် စီးပွားရေး အကျပ်အတည်းတစ်ခုနှင့် ဘဏ္ဍာရေး ပြဿနာများကို ဖြစ်ပေါ်စေခဲ့သည်။

ခြောက်နှစ်ကြာ သက်တမ်းရှိပြီး အောင်မြင်သော ရောင်းဝယ်ဖောက်ကားမှု အတွေ့အကြုံ ရှိသည့် လူသိများသော အွန်လိုင်း ရှော့ပင်း အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Click.af သည် လုပ်ငန်းပိတ်သိမ်းကြောင်းကို ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်က ကြေညာခဲ့သည်ဟု  Khaama Press က ဖော်ပြသည်။

ဘဏ္ဍာရေး ပြဿနာများကြောင့် ၎င်းတို့အနေဖြင့် လုပ်ငန်းများကို ဆက်လက် လည်ပတ်လုပ်ကိုင်နိုင်စွမ်း မရှိတော့ကြောင်း Click.af ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ထုတ်ပြန်ပြောကြားသည်။

“ရေရာမှု မရှိတဲ့ စီးပွားရေး အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု ယိုထွက်မှုနဲ့ စီးပွားရေးစက်ဝန်း မလည်ပတ် တော့ခြင်းတို့ကြောင့် ဈေးကွက်ထဲမှာ ရောင်းအားပိုင်းအပေါ် အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ Click.af အနေနဲ့လည်း အခြားလုပ်ငန်းတွေလိုပဲ ဆက်မလည်ပတ်နိုင်တော့ပါဘူး” ဟု အဆိုပါ အက်ပလီကေးရှင်း၏ အော်ပရေတာက ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required