အိန္ဒိယက လူလိုက်ပါမည့် အာကာသယာဉ် ပထမဆုံး စမ်းသပ်ပျံသန်းမှု ယခုနှစ်အတွင်း စတင်မည်

By Rediff News 
13 September 2022
အိန္ဒိယက လူလိုက်ပါမည့် အာကာသယာဉ် ပထမဆုံး စမ်းသပ်ပျံသန်းမှု ယခုနှစ်အတွင်း စတင်မည်

အိန္ဒိယက လူလိုက်ပါမည့် အာကာသယာဉ်ဖြစ်သည့် Gaganyaan ၏ ခရီးစဉ်အား ၂၀၂၄ ခုနှစ်တွင် စတင်နိုင်ဖွယ်ရှိ ကြောင်း ပြည်ထောင်စုဝန်ကြီး ဂျီတန်ဒရာဆင်းက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားသည်။

အခမ်းအနားတစ်ခု၏ သီးခြားအစီစဉ်တစ်ခုတွင် သတင်းထောက်များအား ဆင်းက အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရသည့် ၇၅ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သော၂၀၂၂ ခုနှစ်တွင် လူလိုက်ပါမည့် အာကာသယာဉ် ခရီးစဉ်ကို  စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မလုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားသည်။

“ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာကာသယာဉ်မှုတွေကို ရုရှားနဲ့ အိန္ဒိယမှာ သင်တန်းပေးတဲ့ အစီအစဉ်တွေကို ထိခိုက်စေခဲ့ပါတယ်။ Gaganyaan ရဲ့ ပထမဆုံး စမ်းသပ်ပျံသန်းမှုကိုတော့ ယခုနှစ် နှောင်းပိုင်းမှာ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်” ဟု ဆင်းက သတင်းထောက်များကို ပြောကြားသည်။ 

ပထမဆုံး စမ်းသပ်သည့်ခရီးစဉ်ပြီးနောက် အမျိုးသမီးပုံသဏ္ဍာန် စက်ရုပ်ဖြစ်သည့် ဗီရွန်မီထရာအား အာကာယာဉ်အတွင်း ထည့်သွင်းကာ လာမည့်နှစ်အတွင်း ထပ်မံ စမ်းသပ်ပျံသန်းမည်ဖြစ်ကြောင်း ဆင်းက ပြောကြားသည်။ 

အိန္ဒိယလေတပ်က လူသားလိုက်ပါမည့် ပထမဆုံး အာကာသခရီးစဉ်အတွက် တိုက်လေယာဉ်မှူး ၄ ဦးကို ကနဦး ရွေးချယ်ထားပြီး ၎င်းတို့သည် ရုရှားတွင် အခြေခံသင်တန်းများကို တက်ရောက်ပြီး ဖြစ်သည်။ 

ကမ္ဘာ့ပတ်လမ်းကြောင်းအတွင်း စမ်းသပ်ပျံသန်းမှု ၂ ကြိမ် ပြုလုပ်ပြီး တွေ့ရှိရသည့် ရလဒ်များကို အခြေခံကာ အိန္ဒိယအာကာသသုတေသနအဖွဲ့က ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ပတ်လမ်းကြောင်း အောက်ဘက်သို့ အာကာသယာဉ်မှူး ၂ ဦးထက် မနည်းကို စေလွှတ်သွားမည်ဟု ဆင်းက ပြောသည်။

စမ်းသပ်ပျံသန်းမှုတွင် အာကာသယာဉ်အား အမြင့် ၁၅ ကီလိုမီတာသို့ လွှတ်တင်စဉ်အတွင်း အာကာသယာဉ်မှူးများက ယာဉ်၏ အခန်းငယ်အား လေထီးကို အသုံးပြုကာ ကမ္ဘာမြေသို့ အန္တရာယ်မရှိဘဲ ဆင်းသက်နိုင်မည့် ခရီးစဉ်ဖျက်သိမ်းသော နမူနာပုံစံ လေ့ကျင့်မှုကိုလည်း အာကာသ သိပ္ပံပညာရှင်များက လုပ်ဆောင်ကြမည်ဖြစ်သည်။  

ဒုတိယအကြိမ် စမ်းသပ်ပျံသန်းရာတွင် ပိုမိုမြင့်သည့် နေရာမှ အလားတူ စမ်းသပ်လေ့ကျင့်မှုကို ပိုမိုကောင်းမွန် အောင် လုပ်ဆောင်မည်ဖြစ်သည်။ 

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ရူပီး ကုဋေ ၁၀၀၀၀ ကုန်ကျမည့် Gaganyaan အာကာသယာဉ်ခရီးစဉ်ကို ၂၀၁၈ ခုနှစ် လွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် စတင်ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required