စပိန်တွင် ပါကစ္စတန်သံတမန်က လက်အောက် ဝန်ထမ်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်သည့် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေး

By Zee5
13 September 2022
စပိန်တွင် ပါကစ္စတန်သံတမန်က လက်အောက် ဝန်ထမ်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်သည့် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေး

စပိန်နိုင်ငံတွင် ပါကစ္စတန် အကြီးတန်းသံတမန်၊ ကောင်စစ်ဝန်ချုပ်တစ်ဦးက လက်အောက်ငယ်သား ဝန်ထမ်း အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ဖြစ်စဉ်အပေါ် ဌာနတွင်း စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်လျက်ရှိရာ နောက်ဆက်တွဲ ပေါ်ပေါက်နိုင်သည့် အကြောင်းများ ရှိသောကြောင့် ပါကစ္စတန် အစိုးရအနေဖြင့် ခက်ခဲကြမ်းတမ်းသည့် ကာလတစ်ခုနှင့် ရင်ဆိုင်နေရသည်။

ပါကစ္စတန် အကြီးတန်း သံတမန် မီအာဇာ ဆယ်လ်မန် ဘေ့ဂ်သည် လွန်ခဲ့သည့် ၃လကျော်က အလုပ်ခွင်တွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့သည်ဟု ကောင်စစ်ဝန်ရုံး၏ ပြည်တွင်းဝန်ထမ်းအမျိုးသမီးတစ်ဦးက ယခုလအစောပိုင်းတွင် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။ ဝန်ထမ်းများအတွက် ဘေးကင်းလုံခြုံသော အလုပ် ပတ်ဝန်းကျင် တစ်ခု ဖြစ်စေရမည့် တာဝန်ဝတ္တရားကို ပျက်ကွက်မှုအတွက် ပါကစ္စတန်သံအဖွဲ့ထံမှ ဖြေရှင်းချက် တစ်ရပ်ကို စပိန်တာဝန်ရှိသူများက တောင်းခံခဲ့သည်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရသူက ပြည်တွင်း တရားရုံးတစ်ခုတွင် အမှုဖွင့်တိုင်တန်းရာတွင် ဘေ့ဂ်သည် လူမှုမီဒီယာမှတစ်ဆင့် ရိုင်းပျသော မက်ဆေ့ချ်များ ပို့ပြီး သူမကို စော်ကားနှောင့်ယှက်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဘာစီလိုနာရှိ ဟိုတယ်တစ်လုံးတွင် ဘေ့ဂ်က သူမကို လိင်စော်ကားရန် ကြိုးပမ်းခဲ့သည်ဟု တိုင်ကြားခဲ့ကြောင်း Al Arabiya က ဖော်ပြသည်။

ဖြစ်စဉ်ဖြစ်ပြီးနောက် စော်ကားနှောင့်ယှက်ခံရသူအမျိုးသမီးက မက်ဒရစ်ရှိ ပါကစ္စတန်သံအမတ် ရှုဂျတ် ရတ်အိုရီ ထံ တိုင်တန်းခဲ့ရာတွင် ရတ်အိုရီက ထိုကိစ္စကို နောက်ထပ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အစ္စလမ်မာဘတ်ရှိ နိုင်ငံခြားရေးရုံးသို့ ထပ်ဆင့် တင်ပြခဲ့သည်။

ထို့နောက် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ဘာစီလိုနာနှင့် မက်ဒရစ်သို့ အဖွဲ့ဝင်နှစ်ဦးပါ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။

၎င်းတို့သည် စုံစမ်းစစ်ဆေးမှုကို အပြီးသတ်ထားခဲ့ပြီး ထို့နောက်တွင် ပါကစ္စတန်နိုင်ငံခြားရေးရုံးက ဘေ့ဂ်ကို ရာထူးမှ ဖယ်ရှားကာ အစ္စလမ်မာဘတ်ရှိ ဌာနချုပ်သို့ ဆင့်ခေါ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly