ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ် ယာယီရပ်နားမည်

By ယောမန်အောင်
15 September 2022
ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ် ယာယီရပ်နားမည်

September 15

စစ်တွေ(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် အမြန်ရေယာဉ်လိုင်းတစ်ခုဖြစ်သော ရွှေပြည်တန်အမြန်ရေယာဉ်သည် ယနေ့စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ရက်အကန့်အသတ်မရှိ ယာယီရပ်နားထားမည်ဟု ၎င်းတို့၏လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

အဆိုပါအမြန်ရေယာဉ်လိုင်းမှ ထုတ်ပြန်ချက်သည် စစ်ရေးအခြေအနေအရ ULA/AAအနေဖြင့် ကုန်းလမ်း၊ ရေလမ်း သယ်ယူပို့ဆောင်ရေးယာဉ်များကို စစ်ဆေးသွားမည်ဟု ထုတ်ပြန်အပြီး နာရီပိုင်းအတွင်း၌ ရေးသားထားခြင်းလည်း ဖြစ်သည်။

''စက်တင်ဘာလ ၁၅ရက်နေ့မှစပြီး စစ်တွေ - ရသေ့တောင် - ဘူးသီးတောင်၊ဘူးသီးတောင် - ရသေ့တောင် - စစ်တွေ၊စစ်တွေ - ပေါက်တော - မင်းပြားနှင့်မင်းပြား - ပေါက်တော - စစ်တွေ ခရီးစဉ်များ မထွက်ဖြစ်ပါကြောင်းနှင့် ဝယ်ယူထားသည့် လက်မှတ်များကို နံနက် 8:00 မှ ညနေ 6:00 ရုံးချိန်အတွင်း ငွေပြန်ယူရရှိနိုင်ပါသည်''ဟု ရေးသားလာခြင်းဖြစ်သည်။

အဆိုပါ ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းကို စစ်ကောင်စီမှ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့၌ အမြန်ရေယာဉ်ပြေးဆွဲခွင့်ကို ရပ်နားခိုင်းထားပြီး နောက် ရေကြောင်းဦးစီးဌာနမှ ဇူလိုင်လ ၂ရက်နေ့က ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲခွင့်ပြုထားခြင်းလည်း ဖြစ်သည်။

ယခုအခါ ရေယာဉ်လိုင်းရပ်နားထားခြင်းသည် မည်သည့်အကြောင်းကြောင့် ရပ်နားထားခြင်းဖြစ်သည်ကို မသိရှိရဘဲ ရွှေပြည်တန်အမြန်ရေယာဉ်အနေဖြင့်လည်း မည်သည့်ကာလအထိ ရပ်နားထားမည်ဟု ဖော်ပြထားခြင်းမရှိပေ။

ULA/AA အနေဖြင့် ယမန်နေ့စက်တင်ဘာလ ၁၄ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝဘက်တွင် စစ်ရေးဆက်လက်တင်းမာ၍ စစ်ကောင်စီတပ်သားများအနေဖြင့် အင်အားနှင့် လက်နက်ခဲယမ်းများကို ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများဖြင့် ပို့ဆောင်နေသည်ကို တွေ့ရှိရကြောင်းနှင့် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ULA/AA ၏ သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးများတွင် သတင်းပို့ပေးရန်နှင့် သတင်းမပို့ဘဲ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ၎င်းတို့၏တာဝန်သာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပုံစာ-ရွှေပြည်တန်အမြန်ရေယာဉ်

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရခိုင်ပြည်နယ်

#ပို့ဆောင်ရေးလုပ်ငန်း

#အမြန်ရေယာဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly