ရုရှားနှင့် ပူးပေါင်းကာ ပို၍ တရားမျှတသော ကမ္ဘာ့အစီအစဉ်တစ်ခုကို တည်ဆောက်နေဟု တရုတ်အစိုးရ ပြောကြား

ရုရှားနှင့် ပူးပေါင်းကာ ပို၍ တရားမျှတသော ကမ္ဘာ့အစီအစဉ်တစ်ခုကို တည်ဆောက်နေဟု တရုတ်အစိုးရ ပြောကြား

တရုတ်နှင့် ရုရှားနှစ်နိုင်ငံခေါင်းဆောင်များသည် ယခုသီတင်းပတ်အတွင်း တွေ့ဆုံရန် ပြင်ဆင်လျက်ရှိပြီး   တရုတ်နိုင်ငံသည် ရုရှားနှင့်အတူ နိုင်ငံတကာ စနစ်တစ်ခုကို  ပိုမိုမျှတပြီး ကျိုးကြောင်းဆီလျော်သော ဦးတည်ချက် ဖြင့် ပုံဖော်ရန် ဆန္ဒရှိနေကြောင်း တရုတ်အကြီးတန်းသံတမန်တစ်ဦးက ပြောသည်။

မုန်တိုင်းထန်သော ဆက်ဆံရေးရှိခဲ့သည့် စစ်အေးခေတ် မဟာမိတ်ဟောင်းများဖြစ်သော တရုတ်နှင့် ရုရှားတို့သည် အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်မှုကို တန်ပြန်ရန် အကန့်အသတ်မရှိဆက်ဆံရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် မကြာသေးမီနှစ်များအတွင်း ပို၍ နီးကပ်လာခဲ့သည်။

“သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ ဗလာဒီမာပူတင်တို့ရဲ့ မဟာဗျူဟာလမ်းညွှန်မှုအောက်မှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ လမ်းကြောင်းမှန်ပေါ်ကို အမြဲလျှောက်လှမ်းနေပါတယ်” ဟု ကွန်မြူနစ်ပါတီ၏ နိုင်ငံခြားရေး အကြီးအကဲ ယန်ကျဲ့ချီက တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် အန်ဒရေးဒန်နီဆော့အား စက်တင်ဘာ ၁၂ ရက်က ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် နှစ်နိုင်ငံအကြား အဆင့်မြင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရန်၊ နှစ်ဖက်စလုံး၏ ဘုံအကျိုးစီးပွားကို ကာကွယ်ရန်နှင့် ပိုမိုတရားမျှတပြီး ကျိုးကြောင်း ဆီလျော်သော ဦးတည်ချက်ဖြင့် နိုင်ငံတကာ စည်းမျဥ်းစည်းစနစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ယန်က ပြောကြားခဲ့သည်။ 

ရုရှားသည် ယူကရိန်းကို ကျူးကျော်မှုအတွက် အနောက်နိုင်ငံများ၏ မကြုံစဖူး ပိတ်ဆို့အရေးယူမှုများ ခံခဲ့ရပြီး နောက်ပိုင်း  အာရှနိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းလာသည်။

တရုတ်နှင့် အနောက်နိုင်ငံများကြား တင်းမာမှုများ တိုးမြင့်လာချိန်တွင် တရုတ်သည် ယူကရိန်းအားရုရှား စွက်ဖက် မှုကို ရှုတ်ချခြင်းမရှိသလို အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် ယူကရိန်းသို့ လက်နက်ရောင်းချမှု တို့ကို ပြစ်တင်ဝေဖန်ခြင်းဖြင့် သံတမန်ရေးအရ ကာကွယ်ပေးခဲ့သည်။ 
 
ပူတင်နှင့် ရှီသည် ဥဇဘက်ကစ္စတန်တွင် ဒေသတွင်းနိုင်ငံများထိပ်သီးအစည်းအဝေး၏ နောက်ဆက်တွဲအဖြစ် ယခုသီတင်းပတ်အတွင်း တွေ့ဆုံရန် စီစဉ်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်ထိပ်တန်း ဥပဒေပြုလွှတ်တော်အမတ် လီကျန်းရှုသည် ယူကရိန်း ကျူးကျော်မှု နောက်ပိုင်း ရုရှားနိုင်ငံသို့ သွားရောက်ရန် အဆင့်အမြင့်ဆုံး ကွန်မြူနစ်ပါတီ နိုင်ငံရေးသမား ဖြစ်လာခဲ့သည်။

လီက ၎င်း၏ ခရီးစဉ်အတွင်း ရုရှားနှင့်ပေကျင်းအကြား မကြုံစဖူးသော ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အဆင့်ကို ချီးကျူးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly