သီရိလင်္ကာက အကျပ်အတည်းမှရုန်းထွက်နိုင်ရေးကြိုးပမ်းနေပြီး  IMF ၏ အကူအညီကို မျှော်လင့်နေ

By True Ceylon
08 September 2022
သီရိလင်္ကာက အကျပ်အတည်းမှရုန်းထွက်နိုင်ရေးကြိုးပမ်းနေပြီး  IMF ၏ အကူအညီကို မျှော်လင့်နေ

သီရိလင်္ကာနိုင်ငံသည် ကြွေးမြီသဘောတူညီချက်ပြန်လည်ပြင်ဆင်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံထံမှ အာမခံချက် တစ်စုံတစ်ရာ မရရှိသေးသဖြင့် လအတော်ကြာ ကြုံတွေ့နေရသည့် စီးပွားရေးအကျပ်အတည်းမှ လွတ်မြောက်ရန် ယခုအခါ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ထောက်ပံ့ကူညီမှုအပေါ် အလုံးစုံ မျှော်လင့်ထားသည်။ 

တရုတ်သည် သီရိလင်္ကာကြွေးမြီဝန်ထုပ်ဝန်ပိုးတွင် အဓိကနေရာမှ ပါဝင်နေသောကြောင့် တရုတ်၏ ကြွေးမြီသဘောတူညီချက် ပြင်ဆင်ခြင်းသည် သိရိလင်္ကာအတွက် ဖြေသိမ့်မှု ပေးနိုင်မည်ဖြစ်သည်။

သီရိလင်္ကာတွင် တရုတ်နိုင်ငံ၏ ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော် ရှိမည်ဟု ခန့်မှန်းရသည်။

သို့သော် တရုတ်က သီရိလင်္ကာအတွက် ကြွေးမြီလျှော့ချရေးအကူအညီနှင့်ပတ်သက်ပြီး လူသိရှင်ကြား ကတိကဝတ်ပြုထားခြင်းမရှိပေ။ သီရိလင်္ကာသည် တရုတ်ထံ၌ ခန့်မှန်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ခန့် အကြွေးတင်နေကာ ၂၀၂၂ ခုနှစ်တွင် ပြန်ဆပ်ရမည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံမှ ၂ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းရသည်။

သီရိလင်္ကာက ဦးစားပေးအဖြစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံထောက်ပံ့ရန် IMF နှင့် ဆွေးနွေးနေစဉ်မှာ တရုတ်က သဘောတူညီချက် ပြန်လည်ပြင်ရေးဆိုင်ရာတောင်းဆိုမှုနှင့်ပတ်သက်ပြီး သီရိလင်္ကာ၏ အကြွေးပြန်လည်ပေးဆပ်ရမည့်အလှည့်သည် စိတ်ပျက်စရာကောင်းပြီး ထိခိုက်နစ်နာရကြောင်း ပြောသည်။

သီရိလင်္ကာသမ္မတကလည်း ငွေကြေးဖောင်းပွမှုနှင့် အခွန်နှုန်းမြင့်မားမှုကို လျှော့ချရန် ပြင်ဆင်ထားသော ဘတ်ဂျက်ကို တင်ပြပြီးနောက် ကုစားရေးအစီအစဉ်အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဆွေးနွေးမှု သည်  နောက်ဆုံးအဆင့်သို့ရောက်ရှိတော့မည်ဖြစ်ကြောင်း သြဂုတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။  
 
ယခုအခါတွင် သီရိလင်္ကာသည် စီးပွားရေး ဒေဝါလီခံရခြင်းမရှိစေရန်  IMF နှင့် သဘောတူညီချက်ကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိသည်။ ဘဏ္ဍာရေးဝန်ကြီးတာဝန်ကိုပါ ထမ်းဆောင်နေသည့် သီရိလင်္ကာ သမ္မတက IMF နှင့် ကုစားရေးအစီအစဉ်ဆိုင်ရာ ပဏာမသဘောတူညီချက်ကို မကြာမီ လက်မှတ်ရေးထိုးမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required