တရုတ်ကန့်ကွက်သော်လည်း အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမှု ဆက်လုပ်ဆောင်မည်  

တရုတ်ကန့်ကွက်သော်လည်း အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမှု ဆက်လုပ်ဆောင်မည်  

ထိုင်ဝမ်ကို လက်နက်စနစ်များရောင်းချမှုနှင့်ပတ်သက်၍ အမေရိကန်၏ မကြာသေးမီက ပြုလုပ်လိုက်သည့် အတည်ပြုချက်ကို တရုတ်က ကန့်ကွက်ခဲ့သော်လည်း ထိုင်ဝမ်ကို ကာကွယ်ရေးလက်နက်များ ဆက်လက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း  အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗက်ဒန်ပါတယ်က  စက်တင်ဘာ ၆ ရက်တွင် ပြောသည်။

လက်နက်စနစ်များသည် ကာကွယ်ရေးရည်ရွယ်ချက်များ ဖြစ်သည့်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမှုနှင့်ပတ်သက်၍  ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်၏ အတည်ပြုမှုပေါ် တရုတ်အနေဖြင့် တုံ့ပြန်စရာ အကြောင်းမရှိဟု အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အမေရိကန်က ခုခံကာကွယ်နိုင်တဲ့ လက်နက်တွေကို ထိုင်ဝမ်ကို ဆယ်စုနှစ်များစွာ ပံ့ပိုးပေးခဲ့ပါတယ်။ ဒါဟာ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေအရသာမကဘဲ  'တရုတ်တစ်နိုင်ငံတည်း' မူဝါဒနဲ့လည်း ကိုက်ညီပါတယ်” ဟု ၎င်းက စက်တင်ဘာ ၆ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
 
"ဒီမူဝါဒနဲ့အညီ အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးလိုအပ်ချက်တွေကို ဆက်လက်ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။ တရုတ်က ထိုင်ဝမ်အပေါ် ဖိအားတွေ တိုးလာတဲ့အတွက် လိုအပ်မယ်လို့ မျှော်လင့်ထားတာကြောင့် ဒီ လက်နက်ရောင်းချမှုကို စီစဉ်နေခဲ့တာ အချိန်အတော်ကြာပါပြီ" ဟု ၎င်းက ပြောကြားခဲ့သည်။

ပင်တဂွန်၏ ကာကွယ်ရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (DSCA) ၏ အဆိုအရ ရောင်းချမှုတွင် AGM-84L-1 Harpoon Block II သင်္ဘောဖျက်ဒုံးကျည် ၆၀ စင်း၊ ATM-84L-1 Harpoon Block II သင်္ဘောဖျက် ဒုံးကျည် ၄ စင်း၊ AIM-9X Block II Sidewinder ဝေဟင်မှဝေဟင်ပစ်ဒုံးကျည် အစင်း ၁၀၀ နှင့် ရေဒါစနစ် စောင့်ကြည့်ရေးသက်တမ်းတိုးခြင်းများ ပါဝင်သည်။

ထိုင်ဝမ်အတွက် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ဖိုး လက်နက်ရောင်းချမှုကို အမေရိကန်က စက်တင်ဘာ ၂ ရက်တွင် ကြေညာပြီးနောက် တရုတ်က “ဖြစ်ပေါ်လာသောအခြေအနေများအတွက် တရားဝင်ပြီး လိုအပ်သော တန်ပြန်အရေးယူမှုများကို ပြတ်ပြတ်သားသား ဆောင်ရွက်မည်” ဖြစ်ကြောင်း အမေရိကန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ လျူပန်းယုက တွစ်တာတွင် ရေးသားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ပိုင်နက်အစိတ်အပိုင်းဖြစ်ကြောင်းနှင့် အမေရိကန်၏ စဉ်ဆက်မပြတ် လက်နက်ရောင်းချမှုသည် တရုတ်၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကာ ၎င်း၏အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ထိခိုက်စေသည်ဟု လျူက တရုတ်၏ အခိုင်အမာပြောဆိုချက်ကို တွစ်တာ၌ ထပ်မံရေးသားခဲ့သည်။

လက်နက်ရောင်းချမှုအနက် တန်ဖိုးအများဆုံးမှာ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၆၅၅ ဒသမ ၄ သန်းရှိ ရေဒါစောင့်ကြည့်ရေးစနစ်ပံ့ပိုးမှုဆိုင်ရာ စာချုပ်သက်တမ်းတိုးမှုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required