ဒလိုင်းလားမား၏ ဓာတ်ပုံများကို ဆောင်ထားမှုဖြင့် တိဗက်ဘုန်းတော်ကြီး ၂ ပါးကို တရုတ်အာဏာပိုင်များက ပြစ်ဒဏ်ချမှတ်

By RFA
05 September 2022
ဒလိုင်းလားမား၏ ဓာတ်ပုံများကို ဆောင်ထားမှုဖြင့် တိဗက်ဘုန်းတော်ကြီး ၂ ပါးကို တရုတ်အာဏာပိုင်များက ပြစ်ဒဏ်ချမှတ်

တိဗက်၏ ပထမဆုံး ဗုဒ္ဓဘာသာရေးခေါင်းဆောင်ဖြစ်ပြီး ၁၉၅၉ ခုနှစ်ကပင် ပြည်ပသို့ ထွက်ပြေးတိမ်းရှေုာင်ခဲ့ရသူ ဒလိုင်းလားမား၏ ဓာတ်ပုံများကို ဆောင်ထားမှုဖြင့် တိဗက်ဘုန်းတော်ကြီး ၂ ပါးကို တရုတ်အာဏာပို်ငများက ထောင်ဒဏ် ၃ နှစ်ထက်မနည်း ချမှတ်လိုက်သည်။ 

အသက် ၃၀ ကျော်အရွယ် တိဗက်ဘုန်းတော်ကြီး တန်ဇင်ဓာရ်ဂေးကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလကပင် စတင်ဖမ်းဆီးခဲ့ကြောင်း RFA သတင်းဌာနက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် သတင်းဖော်ပြခဲ့သည်။ ၎င်းတို့နှင့်အတူ ဘုန်းကြီးအများအပြားလည်း အဖမ်းခံခဲ့ရကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။ 

သက်တော်မသိရသော ဘုန်းတော်ကြီး ရစ်ဂ်ဆေးလည်း အဖမ်းခံရသူများတွင် ပါဝင်ရာ ၎င်းအား ထောင်ဒဏ် ၃ နှစ်နှင့် တန်ဇင်ဓာရ်ဂေးကို ၃ နှစ် ၆ လ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း RFA သတင်းဌာနက သိရှိရသည်။ 

၎င်းတို့ ၂ ပါးစလုံးသည် တိဗက်ကိုယ်ပိုင်စီရင်စု စာရှော(ရှီကျူး) စီရင်စု၊ ကာဒ်ဇ်( တရုတ်အခေါ် ဂန်ကျိ) မြို့ရှိ ဘုန်းကြီး အပါး ၂၅၀ သီတင်းသုံးသော ဘာရွန်ကျောင်းမှ ဖြစ်သည်။ သူတို့၏ မိုဘိုင်းဖုန်းများအတွင်း ဒလိုင်းလားမား၏ ဓာတ်ပုံများ ရှိနေခဲ့သောကြောင့် အချုပ်ထောင်ထဲတွင် ၂ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရကြောင်း တိဗက်ဒေသမှ အမည်မဖော်လိုသူ တစ်ဦးက RFA ၏ တိဗက်ရေးရာဌာနသို့ ပြောကြားခဲ့သည်။ 

“ဒလိုင်းလားမားရဲ့ ဓာတ်ပုံတွေ ဆောင်ထားပြီး ခွဲထွက်ရေး လှုပ်ရှားမှု ကျူးလွန်တယ်ဆိုပြီး သူတို့ နှစ်ပါးစလုံးကို ဒီနှစ်မေလမှာတော့  တရားစွဲဆိုခဲ့ပါတယ်” ဟု သတင်းရင်းမြစ်က ပြောကြားသည်။

“စာရှော စီရင်စုက တရားရုံးမှာ သူတို့ကို စွဲချက်တင်ထားပြီး မိသားစုနဲ့ ဆွေမျိုးတွေကိုလည်း တွေ့ခွင့်မပေးတာကြောင့် တရားစီရင်မှုက ဘယ်လောက်ထိ မျှတမှုရှိမယ်ဆိုတာ ဘယ်သူမှ မသိနို်ငပါဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားသည်။

“တိဗက်တွေကို တရုတ်အာဏာပိုင်တွေက ခြိမ်းခြောက်တာကြောင့် သူတို့အကြောင်းကို တစ်ဆင့်ပြောတာတွေ၊ ဆွေးနွေးတာတွေ မလုပ်ကြတဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးနဲ့ သူတို့ကို ဘယ်အကျဉ်းထောင်မှာ ထိန်းသိမ်းထား တယ်ဆိုတာလည်း မသိရပါဘူး” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly