တရုတ်နိုင်ငံက ပင်လယ်ကွေ့ဒေသတွင် ပုံရိပ်ကောင်းရရှိရန် ကြိုးပမ်းနေ

တရုတ်နိုင်ငံက ပင်လယ်ကွေ့ဒေသတွင် ပုံရိပ်ကောင်းရရှိရန် ကြိုးပမ်းနေ

တရုတ်နိုင်ငံအနေဖြင့် ပုံရိပ်ကို မြှင့်တင်ရန်နှင့် နိုင်ငံအတွက် မဟာဗျူဟာမြောက် တန်ဖိုးရှိသော ပင်လယ်ကွေ့ဒေသနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးတည်ဆောက်ရန် ကူဝိတ်ရှိ မီဒီယာကို လွှမ်းမိုးနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

သို့သော် တရုတ်ဝါဒဖြန့်မှုကို သတိထားမိသော ကူဝိတ်မီဒီယာသည် ပူးပေါင်းဆောင်ရွက်ရန် တွန့်ဆုတ် လျက်ရှိသည်။ ကူဝိတ်ရှိ တရုတ်သံရုံးသည် ၎င်းနိုင်ငံ၊ စီးပွားရေးမူဝါဒများနှင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အမေရိကန်နှင့်လက်ရှိ ကြုံတွေ့နေသော ထိပ်တိုက်ရင်ဆိုင်မှုများအကြောင်းမြေပြင်အခြေအနေအဆင့် တုံ့ပြန်ချက်များပေးနိုင်ရန် ကူဝိတ်သတင်းထောက်များကို ချဉ်းကပ်မည့် ကျွမ်းကျင်ပညာရှင်အဖွဲ့ကို ငှားရမ်းထားသည်ဟု The Singapore Postကဖော်ပြသည်။

တရုတ်အာရပ်ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မူဘောင်၊ တရုတ်-ကူဝိတ် နှစ်နိုင်ငံဆက်ဆံရေး၊ တရုတ်-အမေရိကန် တင်းမာမှုနှင့် ဒေသတွင်းပညာတတ်လူတန်းစားများအကြား တရုတ်နှင့်ပတ်သက်သည့် သဘောထားများ အပါ အဝင် ကိစ္စရပ်များစွာအတွက် ကူဝိတ်အရာရှိများ၊ ဒေသဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပညာရှင်များကို တွေ့ဆုံ မေးမြန်းရန် အဆိုပါအဖွဲ့အား တာဝန်ပေးထားသည်။

 ဂျာနယ်လစ်အများအပြားက အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ရန် တွန့်ဆုတ်နေကြသည်ဟု ဆိုသည်။

တရုတ်သည် ကူဝိတ်တွင် မီဒီယာကို သြဇာလွှမ်းမိုးရန် ကြိုးစားခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ပေ။ ယမနှစ်က ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူနှင့် တွေ့ဆုံမေးမြန်းခန်းအား ဝက်ဘ်ဆိုက်ပေါ်မှ ဖယ်ရှားရန် ကူဝိတ်အခြေစိုက် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော  Arab Times သတင်းစာကို ဖိအားပေးခဲ့သည့်အတွက် တစ်ကမ္ဘာလုံး၏ရှုတ်ချမှုကို ခံခဲ့ရသည်။

တရုတ်ဝါဒဖြန့် သတင်းဝဘ်ဆိုဒ်အများအပြားသည် တရုတ်-ကူဝိတ်ဆက်ဆံရေးနှင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း အောက်ရှိ တရုတ်အခေါ် ဖွံ့ဖြိုးတိုးတက်ရေးပရောဂျက်များကို ဖော်ပြသည့် ဆောင်းပါးများကို ရေးသားလျက်ရှိသည်။

 တရုတ်မီဒီယာတိုက်အများအပြားသည် ပြည်တွင်းသတင်းထောက်များ ခန့်အပ်မှုအဆင်ပြေစေရန်နှင့် ဒေသတွင်းဘာသာစကားဖြင့် တရုတ်ဝါဒဖြန့်ဇာတ်ကြောင်းများဖြန့်ဝေမှု လွယ်ကူချောမွေ့ပြီး ချဲ့ထွင်ရန် အင်ဒိုနီးရှားတွင် ရုံးခွဲများ ဖွင့်ခဲ့ကြသည်ဟု The Singapore Postက ဖော်ပြထားသည်။

ပင်လယ်ကွေ့ဒေသသည် စွမ်းအင်လုံခြုံရေးနှင့် ပထဝီနိုင်ငံရေးမတည်ငြိမ်မှုနှင့် ဆက်စပ်ပြီး တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံးအတွက် မဟာဗျူဟာမြောက် အရေးပါသောဒေသဖြစ်သောကြောင့် တရုတ်သည် အဓိကလက်နက်အဖြစ် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို အသုံးချကာ ဒေသတွင်း ပိုမိုနီးကပ်သော ဆက်ဆံရေးများ တည်ဆောက်ရန် အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly