NCA စာချုပ်ကို စစ်ရေး၊ နိုင်ငံရေး လက်နက်သဖွယ် အသုံးမချရန် UNFC ပြော

NCA စာချုပ်ကို စစ်ရေး၊ နိုင်ငံရေး လက်နက်သဖွယ် အသုံးမချရန် UNFC ပြော

ချင်းမိုင်၊ ဖေဖော်ဝါရီ ၂၁ ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မှုကြမ်း(NCA)ကို လက်ရှိ အစိုးရနှင့် တပ်မတော်တို့အနေဖြင့် စစ်ရေး၊ နိုင်ငံရေး လက်နက်သဖွယ် အသုံးချလာနေကြောင်း အပစ်ရပ်လက်မှတ်ထိုးမထားသည့် တိုင်းရင်းသားအဖွဲ့များပါဝင်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ပြောဆိုလိုက်သည်။

သွေးခွဲ အနိုင်ယူရေး၊ စစ်ရေးမဟာဗျူဟာဖြင့် တိုင်းရင်းသား အချင်းချင်းကြား လူမျိုးရေးမုန်းတီးမှုကို ဖြစ်ပေါ်စေသည့် လက်ရှိ အစိုးရ တပ်မတော်၏ လုပ်ရပ်များအပေါ် ပြင်းထန်စွာ ရှှုုံချကြောင်း UNFC ၏ အရေးပေါ်အစည်းအဝေး ၄ ရက်ကြာ ကျင်းပပြီး ဖေဖော်ဝါရီလ ၂၁ ရက်က သဘောထားထုတ်ပြန်လိုက်သည်။

လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်တော်(RCSS/SSA)နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)တို့အကြား တိုက်ပွဲ ဖြစ်ပွားနေခြင်း၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(MNDAA)ကိုလည်း မြန်မာ့တပ်မတော်မှ စစ်ရေးအရ တိုက်ခိုက်ရန် ပြင်ဆင်နေမှုအပေါ် ယင်းကဲ့သို့ ရှုပ်ချလိုက်ခြင်း ဖြစ်သည်ဟု UNFC ၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က သတင်းထောက်များကို ပြောသည်။

“အခုက RCSSနဲ့ PSLF ကြားဖြစ်နေတဲ့ တိုက်ပွဲက အဖွဲ့အစည်း နှစ်ဖွဲထဲကြားက ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခလို့ ရိုးရိုးလေး မြင်လိုက်လို့ မရတော့ဘူး။ တဖြည်းဖြည်းကျယ်ပြန့်လာပြီးတော့ ဒေသခံလူထုကြားထဲမှာလည်း ရှမ်း၊ပလောင် အမြင်တွေ နည်းနည်း ပြောတာဆိုတာတွေ ဖြစ်ပေါ်လာတယ်လေ။ ဆိုတော့ ဒီဟာတွေက လူမျိုးရေး ဆက်သွားမှာ ကျနော်တို့ အရမ်းစိုးရိမ်တယ်။ နောက်တခါ တစ်ရက် နှစ်ရက်ရှိပြီ။ ကိုးကန့်ကိုလည်း မြန်မာ့တပ်မတော်က ပြန်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်။ အခု စတောင်စနေတယ်။ ဒါတွေက အန်စီအေကို အကြောင်းပြပြီး တဖက်က ကျနော်တို့ကို သဏ္ဍန်အမျိုးမျိုးနဲ့ ထိုးစစ်ဆင်တာ၊ ဖိအားပေးတာတွေ ကျနော်တို့ အချင်းချင်းကြားထဲမှာ လုပ်နေတဲ့ အခြေအနေမျိုးတွေလည်း ကျနေ်ာတို့က သုံးသပ်မိတယ်။ အထူးသဖြင့် တဖက်က ငြိမ်းချမ်းရေးပြောပြီးတော့ ပြဿနာကို ဖော်နေသလားပေါ့”ဟု ခူဦးရယ်က ပြောသည်။

အထူးသဖြင့် မြောက်ပိုင်းတိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ လူမျိုးရေး ပြဿနာ ဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး အမေရိကန် အစိုးရကလည်း စိုးရိမ်ကြောင်း စာထုတ်ပြန်သည့် အခြေအနေများ ရှိလာသလို၊ နိုင်ငံတကာမှလည်း စိုးရိမ်မှုများ ဖော်ပြလာသဖြင့် ယခုပြဿနာများသည် သာမန်ပြဿနာ မဟုတ်တော့ကြောင်း သူက ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ထွက်ပြေးရသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှစ်ဖွဲ့နှင့် စစ်တပ်အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းအပေါ် အလွန် စိုးရိမ်ပူပန်မိကြောင်းနှင့် တည်ဆောက်ဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြိုပျက်သွားအောင် ခြိမ်းခြောက်လာလိမ့်မည်ဟု အမေရိကန် သံရုံးက သတိပေးလိုက်သည်။

မူလက UNFC တွင် အဖွဲ့ဝင် ၁၁ ဖွဲ့မှ ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့ နှစ်ဖွဲ့သည် NCA ကို လက်မှတ်ရေးထိုးခဲ့သည်။ ကျန်နေသာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP)မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ MNDAA ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)၊ လားဟူ (LDU)နှင့် WNO တို့ ၉  ဖွဲ့သည် လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။ 

ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၁ ရက်ထ လေးရက်ကြာ ကျင်းပခဲ့သော UNFC အရေးပေါ်အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများ၊ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ္စ၊ လိုအပ်သော မူဝါဒရေးရာကိစ္စရပ်များနှင့် ဌာနဆိုင်ရာလုပ်ငန်းစဉ်များ ပြန်လည် သုံးသပ်ခဲ့သည်ဟု သိရသည်။

UNFC ၏ အရေးပေါ် အစည်းအဝေး နောက်ဆုံးနေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင်တပ်မတော်(ULA/AA)အား UNFC အဖွဲ့ဝင် အဖြစ်မှ လက်မခံသေးဘဲ ၃ လအတွင်း ၎င်းတို့နှစ်ဖွဲ့ ပူးပေါင်းနိုင်ရေးအတွက် ၆ ဦးပါ အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

“UNA/AAအဖွဲ့ဝင် လျှောက်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ လောလောဆယ်မှာတော့ သူတို့ကို တရားဝင်အဖြစ် လက်မခံသေးဘူး။ သို့သော် UNFCမှာလည်း ANC ရှိနေတော့ သူတို့ ရခိုင်အဖွဲ့တွေ တပေါင်းတစည်းဖြစ်ပြီးတော့ တဖွဲ့ထဲ အနေနဲ့ ပါဝင်ခြင်းက ပိုပြီးတော့ သူတို့အတွက်လည်း အားဖြစ်မယ်။ ရခိုင်လူထုအကျိုးအတွက်လည်း ပိုပြီး အကျိုး တက်ရောက်မှု ရှိမယ်လို့ ယူဆလိုတယ်။ ဒါကြောင့် ဒီUL/AAနဲ့ ANC တပေါင်းတစည်းတည်း ဖြစ်ရေးအတွက် ကျနော်တို့ UNFCကနေ ညှိနှိုင်းပေါင်းစပ်ပေးဖို့ ဆုံးဖြတ်ချက်ချတယ်”ဟု ခူဦးရယ်က ပြောသည်။

ထိုအဖွဲ့တွင် ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ် တာအိုက်ဘုန်း(PSLF) ဦးဆောင်၍ အဖွဲ့ဝင်ဖြစ်သော ဒူဝါဘောမ်ဝမ်လရော် (KIO)မှ ၊ ဗိုလ်မှူးကြီး ဆော်လမွန်(LDU)၊ စပ်ဆေအွန်(SSPP)၊ နိုင်ရွှေသိမ်း(MNSP)၊ ဦးအောင်ဆန်းမြင့်(KNPP)တို့ ဖြစ်သည်။ ၎င်းအဖွဲ့မှ ၃ လအတွင်း လုပ်ဆောင်ချက်များကို လာမည့် မေလကုန်တွင် UNFC သို့ ပြန်လည် အစီရင်ခံစာတင်ပြရမည် ဖြစ်ကြောင်း သူက ပြောသည်။

“သူတို့ အဖွဲ့ဝင်ဖြစ်ဖို့လျှောက်ထားတဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေရော၊ ယူအန်ရဲ့ ပြဒါန်းထားတဲ့ ပုဒ်မတွေနဲ့ကိုက်ညီမှုတော့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့က စည်းလုံးညီညွတ်ရေးနဲ့ ဖြစ်နိုင်ဖို့အတွက် ဒီအတိုင်းလက်ခံလို့တော့မဖြစ်ဘူး။ ဒီနှစ်ဖွဲ့ကို ပေါင်းစည်းနိုင်ဖို့အတွက် ပေါင်းပြီးမှဘဲ ယူအန်အဖစီမှာပါမယ်ဆိုရင်တော့ ယူအန်လည်း ပိုပြီး ကျစ်လစ်ခိုင်မာမယ်။ ညီညွတ်မှုလည်း ပိုရလာမယ်ဆိုတဲ့ ကိုယ်စားလှယ်တခုဖွဲ့လိုက်တာ”ဟု ဗိုလ်ချုပ်တာအိုက်ဘုန်း ပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၁ ရက်ထ လေးရက်ကြာ ကျင်းပခဲ့သော UNFC အရေးပေါ်အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများ၊ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ္စ၊ လိုအပ်သော မူဝါဒ ရေးရာကိစ္စရပ်များနှင့် ဌာနဆိုင်ရာလုပ်ငန်းစဉ်များ ပြန်လည် သုံးသပ်ခဲ့သည်ဟု သိရသည်။

လက်ရှိ UNFC တွင် အဖွဲ့ဝင် ၉ ဖွဲ့ရှိပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP)မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ MNDAA ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)၊ လားဟူ (LDU)နှင့် WNO တို့ ပါဝင်သည်။ 

နိုင်ငံရေးဆွေးနွေးပွဲများ ဖော်ဆောင်ရန်အတွက် UNFCမှ ကိုယ်စားလှယ် ၁၃ ဦးဖြင့် ဖွဲ့စည်းထားသော “နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့”(Delegation for Political Negotiation-DPN)တွင် ခေါင်းဆောင်အဖြစ် UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ်(KNPP)၊ ဒုတိယခေါင်းဆောင် (၁) ဗိုလ်မှူးချုပ် စပ်စိုင်းထူး(SSPP)၊ ဒုတိယခေါင်းဆောင်(၂) ဗိုလ်ချုပ် ဂွမ်မော်(KIO)၊ အဖွဲ့ဝင်များမှာ ဗိုလ်မှူး တာပန်လ(PSLF)၊ ဒုဗိုလ်မှူးကြီး ဖုန်းဝင်းနိုင်(MNDAA)၊ စပ်ဆေအွန်(SSPP)၊ နိုင်ရွှေသိမ်း(MNSP)၊ ဒူဝါဘောမ်ဝမ်လရော်(KIO)၊ ဗိုလ်မှူးကြီး မင်းထွန်း(ANC)၊ ဗိုလ်မှူးကြီး ဆော်လမွန်(LDU)၊ ဗိုလ်မှူး တာ့ညီလူ(WNO)တို့ ဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်တော်(RCSS/SSA)နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်း(ပလောင်)အမျိုုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)တို့အကြား တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကြားဝင် ဆက်စပ်ညှိနှိုင်းပေးရေးအဖွဲ့ကိုလည်း ကိုယ်စားလှယ် ၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ယင်းကိုယ်စားလှယ်များမှာ UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာ(MNSP)၊ အဖွဲ့ဝင်များဖြစ်သော ဗိုလ်ချုပ် ဂွမ်မော်(KIO)၊ ဗိုလ်ချုပ်ဘီထူး(KNPP)၊ ဗိုလ်မှူးချုပ် စပ်စိုင်းထူး(SSPP)၊ ဦးထွန်းဇော်(SSPP)တို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags