တရုတ်၏ ခြိမ်းခြောက်မှုများရှိသော်လည်း ကမ္ဘာနှင့်ထိတွေ့ဆက်ဆံသွားမည်ဟု ထိုင်ဝမ်သမ္မတပြော

တရုတ်၏ ခြိမ်းခြောက်မှုများရှိသော်လည်း ကမ္ဘာနှင့်ထိတွေ့ဆက်ဆံသွားမည်ဟု ထိုင်ဝမ်သမ္မတပြော

တရုတ်၏ခြိမ်းခြောက်မှုများ ရှိသော်လည်း အာဏာရှင်ဝါဒပြန်လည်ပေါ်ပေါက်လာမှုကို တန်ပြန်ရေးအတွက် ကမ္ဘာနှင့် ထိတွေ့ဆက်ဆံသွားရန် ထိုင်ဝမ်က သန္နိဋ္ဌာန်ချထားကြောင်း ထိုင်ဝမ်သမ္မတစိုင်အင်ဝမ်က စက်တင်ဘာ ၂ ရက်တွင် နိုင်ငံတကာဖိုရမ်၌ အွန်လိုင်းမှတစ်ဆင့်ပြောကြားခဲ့သည်။

“ကမ္ဘာနဲ့ထိတွေ့ဆက်ဆံမယ့် ထိုင်ဝမ်ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်ခြိမ်းခြောက်မှု ဘယ်အကျပ်ကိုင်မှုကမှ တုန်လှုပ် စေမှာ မဟုတ်ဘူးဆိုတာ အလေးထားပြောချင်ပါတယ်” ဟု စိုင်အင်ဝမ်က ချက်နိုင်ငံ၌ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၂ ရက်အထိကျင်းပသော ၂၆ ကြိမ်မြောက် Forum 2000 Conference၏ ပိတ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ထိုင်ဝမ်နဲ့ ပြည်သူတွေဟာ အကူအညီပေးနိုင်တဲ့နေရာတွေမှာ ဒီမိုကရေစီနိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ အသင့်ဖြစ်နေပါပြီ” ဟု စိုင်အင်ဝမ်က ပြောသည်။

ထိုင်ဝမ်၏ ဒီမိုကရေစီအတွက် အခိုင်အမာထောက်ခံပေးကြသော Forum 2000 Foundation အမှုဆောင် ဒါရိုက်တာ ဂျာကတ်ကလယ်ပယ်နှင့် လုပ်ဖော်ကိုင်ဖက်များကိုလည်း ကျေးဇူးတင်ကြောင်း စိုင်အင်ဝမ်က မိန့်ခွန်းအစတွင်ပြောခဲ့သည်။

တရုတ်က ထိုင်ဝမ်အစိုးရ၏ မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် Taiwan Foundation for Democracy အပေါ် ပြီးခဲ့သည်လက ဒဏ်ခတ်အရေးယူမှုများ ချမှတ်ချိန်တွင်Forum 2000 Foundationသည် ထိုင်ဝမ်၏ လူ့အခွင့် အရေးနှင့် လွတ်လပ်ခွင့်အပေါ် အပြင်းအထန်တိုက်ခိုက်မှုအတွက် တရုတ်ကို ပထမဆုံး ရှုတ်ချ ခြင်း ဖြစ်ကြောင်း စိုင်အင်ဝမ်က ပြောသည်။

“အာဏာရှင်စနစ် ပြန်လည်ပေါ်ပေါက်လာမှုကို တန်ပြန်ဖို့ ဒီမိုကရက်တစ်တွေ အတူတကွ စည်းလုံး ညီညွတ် ကြဖို့နဲ့ စိန်ခေါ်မှုတွေများလာတဲ့ ပတ်ဝန်းကျင်မှာ ဒီမိုကရေစီနိုင်ငံတွေကို ပိုပြီး ခံနိုင်ရည်ရှိအောင် လုပ်ဖို့ လိုအပ် နေပါတယ်” ဟု စိုင်က ပြောကြားခဲ့သည်။

စိုင်အင်ဝမ်က ထိုင်ဝမ်ကိုနှစ်ပေါင်းများစွာ အထောက်အပံ့ပေးသည့် ဒီမိုကရေစီနိုင်ငံများကို ကိုးကားပြောဆိုလျက် နိုင်ငံတကာတွင် ပူးပေါင်းပါဝင်မှု သို့မဟုတ် ထိုင်ဝမ်သို့လာရောက်လည်ပတ်ခြင်းနှင့် ထိုင်ဝမ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများက ထိုင်ဝမ်ပြည်သူများကို အလွန်အမင်း အားတက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly