တရုတ်နိုင်ငံ၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်နေချိန် ထုတ်လုပ်မှုများ ကျဆင်း

တရုတ်နိုင်ငံ၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်နေချိန် ထုတ်လုပ်မှုများ ကျဆင်း

တရုတ်နိုင်ငံတွင် စံချိန်တင်အပူလှိုင်းကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာခြင်းနှင့်အတူ ကိုဗစ်-၁၉ ဖြစ်ပွားမှုက  စီးပွားရေးကိုထိခိုက်စေခဲ့သလိုဓာတ်အားလိုအပ်ချက်မြင့်မားမှုကြောင့် စက်ရုံများပိတ်ထားရကာ ကုန်ထုတ်လုပ်မှုများ ရပ်တန့်လာသည်။

လေအေးပေးစက်များ အလွန်အကျွံအသုံးပြုမှု များပြားလာခြင်းကြောင့် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရပ်တန့်သွားခဲ့ရကြောင်း Nikkei Asia က ဖော်ပြသည်။

ထို့ပြင် ကုန်ထုတ်လုပ်မှုအညွှန်းကိန်း (PMI)သည် ဇူလိုင်လက ၄၉ ရှိရာမှ ယခုအခါ ၄၉ ဒသမ ၄ သို့ ရောက်ရှိခဲ့သော်လည်း တိုးတက်မှုနှင့်ကျဆင်းမှုကို ခွဲခြားသော အမှတ် ၅၀ အောက်တွင် ရှိနေသေးကြောင်း နိုင်ငံ စာရင်းအင်းဗျူရိုက ဖော်ပြထားသည်။

အစိုးရက ကျဆင်းနေသည့် စီးပွားရေးကို တွန်းအားပေးရန် ကူညီရေးအစီအမံများစွာကို ကတိပြုထားသလို ဗဟိုဘဏ်ကလည်း  အိမ်ရာချေးငွေ ကုန်ကျစရိတ်ကို လျှော့ချရန် ရည်ရွယ်သော အပေါင်စာချုပ်ဆိုင်ရာ သတ်မှတ်ချက်များအပါအဝင် အတိုးနှုန်းကို လျှော့ချထားသည်။

အလားတူ တရုတ်နိုင်ငံသည် စံချိန်တင် အပူလှိုင်းများနှင့်အတူ ပြင်းထန်သော မိုးခေါင်မှုဒဏ်ကို ခံစားနေရကာ လေအေးပေးစက်အသုံးပြုမှုကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမြင့်တက်လာခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှုများလာခြင်းကြောင့် လူနေရပ်ကွက်များ လျှပ်စစ်ပိုမိုသုံးစွဲနိုင်စေရန် စီချွမ်ပြည်နယ်မှ စက်ရုံများ ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရသည်။

တရုတ်နိုင်ငံ အဓိကမြို့ကြီးများတွင် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝအသွားအလာပိတ်ဆို့မှု ချမှတ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက စီးပွားရေးအပေါ် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိနေ သည်။ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ထပ်မံတွေ့ရှိလာသည်နှင့်အမျှ နိုင်ငံအတွင်းတွင် ပြင်းထန်သော အသွားအလာပိတ်ဆို့မှုများ ချမှတ်လာသည်။ 

နိုင်ငံနေရာအနှံ့အပြားတွင် အသွားအလာပိတ်ဆို့မှုများ အကြိမ်ကြိမ် ချမှတ်နေသောကြောင့် အထူးသဖြင့် ဝန်ဆောင်မှုနယ်ပယ်များမှ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required