သီဟထက်အောင်ခြေစွမ်းပိုမိုတိုးတက်လာမည်ဟု မာယန် ချီးကျုး

သီဟထက်အောင်ခြေစွမ်းပိုမိုတိုးတက်လာမည်ဟု မာယန် ချီးကျုး
ရန်ကုန်ယူနိုက်တက်အသင်းနောက်ခံလူ သီဟထက်အောင်ကို လေ့ကျင့်ရေးကွင်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - YUFC)

ဖေဖေါ်ဝါရီ ၂၁၊ ရန်ကုန် ။             ။ ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် မာယန်က မြန်မာယူ-၂၀အသင်းနောက်ခံလူ သီဟထက်အောင် အနေဖြင့် ခြေစွမ်းပိုမိုတိုးတက်လာနိုင်ပြီး ရန်ကုန်အသင်းအတွက်အားထားရသည့် ကစားသမားတစ်ဦးဖြစ် လာနိုင်သည်ဟု ချီးကျုးပြောကြားခဲ့သည်။

မြန်မာယူ-၂၀အသင်းနှင့်အတူယူ-၂၀ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နောက်ခံလူသီဟထက်အောင်မှာ စည်းကမ်းဖောက်ဖျက်မှုများကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သလို ရန်ကုန်အသင်းတွင်လည်း အရန်ကစားသမားအဖြစ်သာပါဝင်ကစားနေရသည်။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၇)ပွဲစဉ်ဖြစ်သော ရခိုင်ယူနိုက်တက်ကို ၃-၁ဂိုးဖြင့်နိုင်ခဲ့သောပွဲတွင် နည်းပြမာယန်က သီဟထက်အောင်ကို ရန်ကုန်ကစားသမားဘဝပထမဆုံးအဖြစ် ပွဲထွက်စာရင်းတွင်ပါဝင်ခွင့်ပေးခဲ့သည်။

“သီဟထက်အောင်က ခြေစွမ်းကောင်းတဲ့လူငယ်ကစားသမားတစ်ဦးပါ။ နောက်ထပ်သူ့ဆီက အကောင်းဆုံးတွေကို မျှော်လင့်နိုင်ပါသေးတယ်။ သူက ရန်ကုန်အသင်းအနာဂတ်အတွက် အားထားရမယ့်ကစားသမားဖြစ်လာမှာပါ။”ဟု မာယန်ကဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းတွင် အဓိကနောက်ခံလူများဖြစ်သော ဇော်မင်းထွန်း၊ ယာမာရှီတို တို့ဒဏ်ရာပြဿနာ ရှိနေသည့်အတွက် ဟောင်ကောင်ကလပ် တောင်တရုတ်နှင့်ကစားမည့်ပွဲတွင် သိန်းဇော်နှင့် သီဟထက်အောင်တို့ကို ပွဲထုတ်အသုံးပြုဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly