ကက်ရှ်မီးယားဒေသတွင် ရင်းနှီးမြှုပ်နှံမှုများပြားလာကာ လူငယ်တို့၏ ပါဝင်မှုလည်း မြင့်တက်လာ

ကက်ရှ်မီးယားဒေသတွင် ရင်းနှီးမြှုပ်နှံမှုများပြားလာကာ လူငယ်တို့၏ ပါဝင်မှုလည်း မြင့်တက်လာ

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသသည် ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်သည့် နေရာသစ်တစ်ခု ဖြစ်လာသည်။ ဒေသခံများသည် သမရိုးကျ စီးပွားရေး လုပ်ငန်းများအပြင် ခေတ်ပေါ် စီးပွားရေး လုပ်ငန်းများကိုလည်း ရင်းနှီး မြှုပ်နှံလာကြသဖြင့် တစ်နို်ငငံလုံးအတွက် စံနမူနာယူရမည့် သူများ ဖြစ်လာသည်။
 
ကက်ရှ်မီးယားလူမျိုး စွန့်ဦးတီထွင် လုပ်ငန်းရှင်လူငယ်တစ်ဦးဖြစ်သူ  ရာမက်ဇ် ရာဂျာသည် ခရီးသွား ဧည့်သည်များကို စွဲဆောင်ရန် ဂန်ဒါဘောနှင့် ကန်ဂန်ဒေသတို့တွင် ရိုးရာရွှံ့အိမ်များကို ဆောက်လုပ်ထားသည်။ ယခုချိန်အထိ ဆောက်လုပ်ပြီးသား ရွှံ့အိမ် ၃ လုံးကို ဒေသထွက်ပစ္စည်းများဖြင့် တည်ဆောက်ခြင်း ဖြစ်သည်။ လှပပြီး အနုပညာမြောက်စွာ တည်ဆောက်ထားသည့် ယင်းအိမ်များကို ‘ကူလက် ရွံ့အိမ်များ’ ဟု ခေါ်ဝေါ်ထားသည်။ 

ခရီးသွားဧည့်သည်များက ဒေသယဉ်ကျေးမှုများ ပြသမှုကို မြင်တွေ့လိုကြောင်း ပြောကြားလာပြီးနောက် ယခုအစီအစဉ်အား လုပ်ဆောင်ရန် စဉ်းစားမိခဲ့ကြောင်း ရာဂျာက ပြောသည်။

ဗြိတိန်တွင် ပညာသင်ကြားပြီးနောက် နေရပ်သို့ ပြန်ရောက်လာကာ စီးပွားရေး စတင်လုပ်ကို်ငနေသည့် မိန်းကလေးဖြစ်သူ ဆိုနီဂီလန်နီကလည်း ဖက်ရှင်ဆိုင်သစ်တစ်ဆိုင်နှင့် ကိတ်မုန့်ဆိုင် တစ်ဆိုင်ကို ဖွင့်ထားသည်။

ယင်းဒေသတွင် ယခုအခါ နိုင်ငံသားများသာမက နိုင်ငံခြားသားများကလည်း စီးပွားရေး လာရောက် လုပ်ကိုင်ရန် စိတ်ဝင်စားလာကြသည်။ မကြာသေးမီကလည်း ‘ကက်ရှ်မီးယား လုပ်ငန်းရှင်များ ဆုံစည်းပွဲ ၂၀၂၂’ သို့ လုပ်ငန်းရှင် ၅၀၀ အား ဖိတ်ကြားခဲ့သည်။  

ကက်ရှ်မီးယား ကုန်သည်လုပ်ငန်းရှင်ကြီးများအသင်း ဥက္ကဋ္ဌ ရှိတ်ခ်အာရှစ်အာမက်က အဆိုပါပွဲများတွင် လူငယ်များ ဆက်လက်ပါဝင်စေလိုကြောင်း ပြောကြားသည်။

“ကက်ရှ်မီးယားမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံခြားတိုင်းပြည်တွေကို ဖွင့်ပေးပြီးနောက်ပိုင်း သတင်းကောင်းတွေ ရရှိခဲ့ပါတယ်။ မတ်လတုန်းက အာရပ်စော်ဘွားများနိုင်ငံက ရင်းနှီးမြှုပ်နှံသူ ၃၁ ဦးပါတဲ့ အဖွဲ့က ကက်ရှ်မီးယားဒေသကို ပထမဆုံးအကြိမ် လာခဲ့ပါတယ်။ ဒေသခံ အနုပညာသမားတွေနဲ့ ဆွေးနွေးပြီး စီးပွားရေး လုပ်ကို်ငနိုင်မယ့် အခွင့်အလမ်းတွေကို ဆွေးနွေးပြီး ကက်ရှ်မီးယားဒေသရဲ့ အလှအပကို ချီးမွမ်းခဲ့ကြပါတယ်” ဟု ၎င်းကပြောကြားသည်။ 

 နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စော်ဘွားများအဖွဲ့ ဥက္ကဋ္ဌ အဗ္ဗဒူလာမိုဟာမက် ယူဆွတ်အယ်လ်ရှီဘာနီက  ကက်ရှ်မီးယားသို့ လာရောက်သည့် ခရီးစဉ်အပြီးတွင် “ဒီခရီးက အရမ်းကောင်းပါတယ်။ စီးပွားရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ကက်ရှ်မီးယား အလွန်ကောင်းတဲ့နေရာပါ။အိန္ဒိယက လာတဲ့သူဖြစ်စေ၊ အခြားနိုင်ငံက လာသူဖြစ်စေ ဒီမှာ စီးပွားရေး အများကြီး လုပ်နိုင်ပါတယ်” ဟု ပြောကြားသည်။

ဖွံ့ဖြိုးရေးအစီအစဉ်တစ်ခုဖြစ်သည့် Himayat Scheme က အသက် ၁၈ မှ ၃၅ နှစ် အရွယ် လူငယ် ၁၀၀၀၀ အား အကူအညီများပေးကာ ၃ နှစ်မှ ၃ နှစ်ခွဲအထိ သင်တန်းပို့ချပေးမည်ဖြစ်သည်။ ထို့ပြင် လေ့ကျင့် သင်တန်းပေးထားသည့် လူငယ်အရေအတွက် ထက်ဝက်ထည့်မနည်းကို ငွေကြေး ကူညီ ပံ့ပိုးမှုများ ပေးသွားမည်ဖြစ်သည်။ 

 မိန်းကလေး အသက် ၁၈ နှစ်မှ ၃၅ နှစ် အုပ်စုအတွက် ဖက်ရှင်၊ မုန့်ဖုတ်လုပ်ငန်း၊ သိုးမွှေးထိုးလုပ်ငန်း၊ လက်မှုပစ္စည်းလုပ်ငန်း၊ ချဉ်ပတ်လုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်သည်။ 

ယခုကဲ့သို့ စွန့်ဦးတီထွင် လုပ်ငန်းရှင် စိတ်ဓာတ်သည် ကက်ရှ်မီးယားအတွက်သာမက အိန္ဒိယ တစ်နိုင်ငံလုံးအတွက်ပါ စံနမူနာ ယူစရာ ဖြစ်လာသည်။ 

အိန္ဒိယတွင် စွန့်ဦးတီထွင် လုပ်ငန်းရှင် နှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ၂၀၂၁ ခုနှစ်တွင် ၁၄ ဒသမ၄ ရာခိုင်နှုန်းရှိလာနိုင်သည်။ ထို့ကြောင့် လူငယ်စွန့်ဦး တီထွင် လုပ်ငန်းရှင်များသည် အိန္ဒိယ စီးပွားရေးတိုက်မှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required