ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့သတင်း - ဘာစီလိုနာကနေ အူဘာမီယန်း ရောက်ရှိ

ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့သတင်း - ဘာစီလိုနာကနေ အူဘာမီယန်း ရောက်ရှိ
Photo: EPA

ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းကနေ တိုက်စစ်မှူး အူဘာမီယန်းကို ပေါင် ၁၀.၃ သန်းနဲ့ ခေါ်ယူစာချုပ်လိုက်သလို ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ဒင်းနစ်ဇာကာရီယာကိုလည်း အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။

ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းဟာ ဖေဖော်ဝါရီက အာဆင်နယ်ကနေ စပိန်ကလပ်ကို ရောက်ရှိလာပြီးနောက် ဘာစီလိုနာအသင်းအတွက် ၂၄ ပွဲကစား၊ ၁၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုဟာ နှစ်ဦးနှစ်ဖက်သဘောတူညီမှုနဲ့ ချယ်လ်ဆီးကနေ ထွက်ခွာခဲ့ပြီး ဘာစီလိုနာက ခေါ်ယူဖို့ မျှော်လင့်ရပါတယ်။

ချယ်လ်ဆီးဟာ ဇာကာရီယာကို အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူနိုင်ခွင့်ရှိပါတယ်။

အသက် ၂၅ နှစ်အရွယ် ဆွစ်ဇာလန်လက်ရွေးစင်ဟာ ဇန်နဝါရီက မိုချန်ဂလာဘတ်ကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့တာပါ။

အူဘာမီယန်းကို ဘာကာက ခေါ်ယူခဲ့စဉ်ခဲ့က သူ့ရဲ့စာချုပ်ဖျက်သမ်းကြေး ယူရိုသန်း ၁၀၀ (ပေါင် ၈၃.၄ သန်း) ရှိခဲ့ပေမယ့် ဒီရာသီမှာ ရှစ်မိနစ်သာ ကစားခွင့်ရခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အကြွေးပေါင် ၁ ဘီလီယံကျော်ရှိနေပေမယ့်လည်း အသစ်ရောက်ရှိလာတဲ့ ကစားသမားများအတွက် ပေါင်သန်း ၂၀၀ နီးပါး အသုံးပြုပြီးနောက် ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ ကြိုးစားနေပါတယ်။

အူဘာမီယန်းကို ခေါ်ယူလိုက်ခြင်းမှာ ချယ်လ်ဆီးဥက္ကဋ္ဌ တော့ဘိုလေက ရိုမန်အေဘရာမိုဗစ်ချ်ထံကနေ ကလပ်ကို ဝယ်ယူပြီးနောက် သူ့ရဲ့ပထမဆုံးအပြောင်းအရွှေ့ဈေးကွက်မှာ ပေါင် ၂၅၅.၃ သန်း သုံးစွဲခဲ့တာဖြစ်ပြီး အဆိုပါပမာဏဟာ အင်္ဂလန်ကလပ်အသင်းတွေရဲ့ အပြောင်းအရွှေ့တစ်ခုအတွင်း အမြင့်ဆုံးပမာဏဖြစ်ပါတယ်။

အူဘာမီယန်းက "ကျနော် တကယ်ကို ပျော်ပါတယ်။ ဒီအသင်းမှာ ပါဝင်ခွင့်ရတာ ဂုဏ်ယူစရာကောင်းပြီး ကျနော် စတင်ဖို့ မစောင့်နိုင်တော့ပါဘူး။ ကျနော့်မှာ ပရီမီယာလိဂ်နဲ့ မပြီးပြတ်သေးတဲ့ အလုပ်တချို့ရှိတာကြောင့် ပြန်လာရတာ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။"

သူဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၆၃ ပွဲမှာ ၉၂ ဂိုး သွင်းယူခဲ့ပေမယ့် မန်နေဂျာ အာတီတာနဲ့ အဆင်မပြေဖြစ်ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ပါတယ်။

အဆိုပါထွက်ခွာမှုဟာ ဂန်နားတို့ မှတ်တမ်းရုပ်ရှင် All or Nothing မှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

အာဆင်နယ်ကို ရောက်ရှိလာတဲ့ ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်နောက်ပိုင်း အူဘာမီယန်းရဲ့ စုစုပေါင်း ၆၈ ဂိုးထက် ကစားသမားလေးဦးသာ ပရီးမီးယားလိဂ်ဂိုးပို သွင်းယူခဲ့ပါတယ်။

အူဘာမီယန်းဟာ ချယ်လ်ဆီးနည်းပြ သောမတ်တူချယ် လက်အောက် ဒေါ့မွန်အသင်းမှာ ၂၀၁၅ ကနေ ၂၀၁၇ အတွင်း ကစားခဲ့ပါတယ်။

သူဟာ အဲဒီအချိန်က ၉၅ ပွဲမှာ ၇၉ ဂိုး သွင်းယူခဲ့ပြီး ဘယ်နည်းပြလက်အောက်မဆို ၃၈ ဂိုး ပိုများခဲ့ပါတယ်။

အခုနွေရာသီမှာ ချယ်လ်ဆီးအသင်းဟာ လက်စတာရဲ့ ပြင်သစ်နောက်ခံလူ ဝီစလေ ဖိုဖာနာ ပေါင်သန်း ၇၀၊ ဘရိုက်တန်မှ စပိန်ဘယ်နောက်ခံလူ ကူကူရယ်လာ ပေါင် ၆၂ သန်း၊ မန်စီးတီးမှ အင်္ဂလန်တိုက်စစ်မှူး စတာလင် ပေါင် သန်း ၅၀၊ နာပိုလီမှ ဆီနီဂေါနောက်ခံလူ ကူလီဘာလီ ပေါင် ၃၄ သန်း၊ အက်စတွန်ဗီလာမှ အင်္ဂလလန်ကွင်းလယ်လူ ကာနီ ချူးခူမီကာ ပေါင်သန်း ၂၀ နဲ့အပါအဝင် ကစားသမား ၉ ဦးကို ခေါ်ယူခဲ့ပါတယ်။

ဘိုလေက "အူဘာမီယန်းဟာ ပရီးမီးယားလိဂ်မှာ သက်သေပြထားတဲ့ မှတ်တမ်းစံချိန်ရှိ ထိပ်တန်းတိုက်စစ်မှူးဖြစ်ပြီး သူ့ရဲ့ရောက်ရှိလာမှုက ကျနော်တို့ရဲ့အသင်းလူစာရင်းကို အားကောင်းစေပြီး တိုက်စစ်ရွေးချယ်စရာအသစ်တွေကို ပေးစွမ်းပါတယ်။ ချယ်လ်ဆီးမှာ ခေတ်သစ်မှာ အူဘာမီယန်းနဲ့အတူ လိုက်ပါစီးမျောခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ပြီး သူနဲ့ လက်တွဲဖို့ တကယ်ကို မျှော်လင့်နေပါတယ်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly