ဂိုဘာချော့၏ ဈာပနအား မော်စကိုတွင် စနေနေ့၌ ပြုလုပ်မည် 

ဂိုဘာချော့၏ ဈာပနအား မော်စကိုတွင် စနေနေ့၌ ပြုလုပ်မည် 
Photo - EPA

September 1

အသက် ၉၁ နှစ်တွင် ကွယ်လွန်သည် နောက်ဆုံး ဆိုဗီယက် ခေါင်းဆောင်ဟောင်း မီခေးလ် ဂိုဘာချော့၏ ဈာပနကို မော်စကို၌ စနေနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဂိုဘာချော့၏ သမီးနှင့် ၎င်း၏ ဖောင်ဒေးရှင်းတို့ကို ကိုးကားပြီး ရုရှသတင်းဌာနများက ဖော်ပြသည်။ 

၁၉၅၃ ခုနှစ်က ဂျိုးဆက် စတာလင်၏ နာရေးအပါအဝင် အဆင့်မြင့်တာဝန်ရှိသူများ၏ နာရေးများ သမိုင်းတွင် ပြုလုပ်ခဲ့ရာ Moscow Hall of Columns တွင် စက်တင်ဘာ ၃ ရက်၌ ပြုလုပ်မည်ဖြစ်ကြောင်း ဂိုဘာချော့၏ သမီးဖြစ်သူ အီရီနာကို ကိုးကားပြီး Interfax သတင်းဌာနက ဖော်ပြသည်။ 

ဈာပနအခမ်းအနားကို မော်စကိုစံတော်ချိန် နံနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး အကုန်လုံးတက်ရောက်နိုင်ရန် ဖွင့်လှစ်ထားရှိမည်ဟု ဂိုဘာချော့ ဖောင်ဒေးရှင်း၏ သတင်းပြန်ကြားရေးဌာနက Interfax သို့ ပြောသည်။ 

ယင်းနေ့မှာပင် ဂုဏ်သတင်းကြီးသော Novodevichy သုဿန်တွင် ဂိုဘာချော့အား မြုပ်နှံမည်ဟု အီရီနာက ဖြည့်စွက်ပြောသည်။ 

ဂိုဘာချော့အား ဇနီးဖြစ်သူ ရိုင်စာ၏ ဘေးတွင် မြုပ်နှံမည်ဖြစ်ကြောင်း ဂိုဘာချော့ မိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်က TASS သတင်းဌာနသို့ အစောပိုင်းက ပြောသည်။ 

ဂိုဘာချော့အတွက် နိုင်ငံတော် ဈာပန ကျင်းပပေးမည်လားနှင့် သမ္မတ ဗလာဒီမာ ပူတင် တက်ရောက် မတက်ရောက်ကို တာဝန်ရှိသူများက ကြေညာခြင်း မရှိသေးပေ။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly