လက်တင်အမေရိကတွင် တရုတ်တို့ ပိုမို ခြေကုပ်ယူလာခြင်းကို အမေရိကန်က သတိထားနေ

လက်တင်အမေရိကတွင် တရုတ်တို့ ပိုမို ခြေကုပ်ယူလာခြင်းကို အမေရိကန်က သတိထားနေ

အမေရိကန်က အာရှ-ပစိဖိတ်နှင့် အရှေ့အလယ်ပိုင်းကို အာရုံစိုက်နေချိန်တွင် တရုတ်က လက်တင်အမေရိကတွင် ထိတွေ့ဆက်ဆံမှုကြီးထွားလာသည့်အပေါ် အမေရိကန်မူဝါဒချမှတ်သူများနှင့် စစ်ဘက်အရာရှိများက စိုးရိမ်ပူပန်မှုတိုးလာကြောင်း နိုင်ငံခြားဆက်ဆံရေးကောင်စီ အကြံပေးအဖွဲ့က ပြောသည်။

လွန်ခဲ့သည့်ဆယ်စုနှစ် ၂ ခုအတွင်း တရုတ်နိုင်ငံသည် ဘရာဇီးနှင့် ဗင်နီဇွဲလားအပါအဝင် လက်တင် အမေရိကနိုင်ငံ အများအပြားနှင့် နီးကပ်သော စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာဆက်ဆံရေးကို ဖော်ဆောင်ခဲ့သည်။ သို့သော် ဒေသတွင်းတွင် တရုတ်၏ ကြီးထွားလာသောလွှမ်းမိုးမှုသည် အမေရိကန်နှင့် တခြားနိုင်ငံများကို စိုးရိမ်မှုမြင့်တက်စေသည်။

တရုတ်နိုင်ငံသည် တောင်အမေရိက၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ခါးပတ်လမ်းရပ်ဝန်း စီမံကိန်း အပါအဝင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်နှင့် အခြေခံအဆောက်အဦကဏ္ဍများတွင် အဓိ ကငွေချေးငှားသူဖြစ်သည်။ တရုတ်သည် လက်တင်အမေရိက၏ အာကာသကဏ္ဍတွင် ကြီးကြီးမားမား ရင်းနှီး မြှုပ်နှံထားပြီး နိုင်ငံအများအပြား အထူးသဖြင့် ဗင်နီဇွဲလားနှင့် စစ်ရေးအရ ဆက်ဆံရေးကို ခိုင်မာလာစေသည်။

အမေရိကန်က အဆိုပါ တိုးတက်မှုဖြစ်စဉ်အားလုံးကို သတိထားသလို တရုတ်သည်၎င်း၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များအတွက် စီးပွားရေးစွမ်းအားကို အသုံးချနေသည်ဟု ဝေဖန်သူများက ပြောသည်။

“ကျွန်တော်တို့ဟာ တောင်အမေရိကမှာ အနေအထားအရ အားသာချက်တွေကို ဆုံးရှုံးနေပါတယ်။၊ ဒါကို ပြောင်းပြန်ဖြစ်စေဖို့ အဆောတလျင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်” ဟု အမေရိကန်တောင်ပိုင်း ကွပ်ကဲရေးဌာနချုပ် အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခရေ့ဂျ်အက်စ်ဖော်လာက ၂၀၂၁ ခုနှစ်တွင် ပြောခဲ့သည်။

တရုတ်၏လွှမ်းမိုးမှုအပေါ် စိုးရိမ်မှုများရှိနေသည့်တိုင် လက်တင်အမေရိကတွင် တရုတ်၏ကဏ္ဍသည် ၂၀၀၀ ခုနှစ်မှစ၍ အလျင်အမြန်ကြီးထွားလာနေပြီး စီးပွားရေးအခွင့်အလမ်းများကို ကတိပြုထားသည်။

တရုတ်သည် သံတမန်ရေးရာ ၊ ယဉ်ကျေးမှုနှင့် စစ်ရေးများတွင်လည်း ပါဝင်မှုတိုးချဲ့ခဲ့သည်။ ကိုဗစ်-၁၉ တိုက်ဖျက်ရာတွင်လည်း ပံ့ပိုးကူညီမှုကို မြှင့်တင်ခဲ့သလို ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ချေးငွေများနှင့် ကာကွယ်ဆေး သန်းပေါင်းများစွာကို ထောက်ပံ့ပေးခဲ့သည်။
 
သို့သော် တရုတ်သည် ထိုင်ဝမ်ကိုထပ်မံအထီးကျန်စေရေးအပါအဝင် ၎င်း၏ ပထဝီဝင်နိုင်ငံရေးပန်းတိုင်များကို အရောက်လှမ်းရန်နှင့် အာဏာရှင်အစိုးရများ အားကောင်းလာရန် အဆိုပါဆက်ဆံရေးများကို အသုံးချနေခြင်းကို အမေရိကန်နှင့်မဟာမိတ်များက စိုးရိမ်နေကြသည်။ 

တရုတ်ကို ဒေသတွင်းပြိုင်ဘက်အဖြစ်ရှုမြင်ထားသော အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် တရုတ်၏ ကြီးထွားလာသော ဩဇာကို တိုက်ဖျက်ရန် နည်းလမ်းများ ရှာဖွေလျက်ရှိသည်။

တရုတ်သည် တောင်အမေရိက၏ ထိပ်တန်းကုန်သွယ်ဖက်ဖြစ်သလို လက်တင်အမေရိကတစ်ခုလုံးအတွက် အမေရိကန်ပြီးလျှင် ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly