တရုတ်တွင် သက်ကြီးရွယ်အိုဦးရေ မြင့်တက်လာပြီး အလုပ်လုပ်နိုင်မှု အခက်အခဲ ကြုံတွေ့လာရ

တရုတ်တွင် သက်ကြီးရွယ်အိုဦးရေ မြင့်တက်လာပြီး အလုပ်လုပ်နိုင်မှု အခက်အခဲ ကြုံတွေ့လာရ

လူဦးရေ ကျဆင်းမှုနှင့် သက်ကြီးရွယ်အို အရေအတွက် မြင့်တက်လာခြင်းသည် တရုတ်နိုင်ငံ၏ လုပ်သား အင်အားကို လျော့ကျလာစေသည်သာမကဘဲ အလုပ်လုပ်နိုင်စွမ်းလည်း နည်းပါးလာစေပြီး လာမည့် ဆယ်စုနှစ်များတွင် တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အကြီးဆုံးသော အတားအဆီးများ ဖြစ်လာကြောင်း မီဒီယာ သတင်းများတွင် ဖော်ပြထားသည်။

တရုတ် သက်လတ်ပိုင်းအရွယ်သတ်မှတ်ချက်ကို ၂၀၂၀ ပြည့်နှစ်တွင် ၃၈ ဒသမ ၄ နှစ်အဖြစ် ထားရှိခဲ့ရာမှ ၂၀၃၅ ခုနှစ်တွင် ၄၅ နှစ်ဖြစ်လာနိုင်သည်။ 

ယင်းအခြေအနေကြောင့် တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် လုပ်ကိုင်နိုင်စွမ်းဆိုင်ရာ စိန်ခေါ်မှုတစ်ခုနှင့် ရင်ဆိုင်လာရဖွယ်ရှိသည်။

လက်ထပ်မထားသည့် အမျိုးသမီးတစ်ဦးက သူမ၏ မမျိုးဥများကို အေးခဲခန်းတွင် ထားပေးရန် ငြင်းဆန်ခဲ့သည့် တရုတ်နိုင်ငံမှ ဆေးရုံအား တရားစွဲဆိုမှုကို တရားရုံးက ပယ်ချလိုက်ခြင်းကြောင့် နိုင်ငံတွင်း အမျိုးသား၊ အမျိုးသမီးခွဲခြား ဆက်ဆံခံရမှုအပေါ် အငြင်းပွားကန့်ကွက်သည့်အသံများ ထွက်ပေါ်ခဲ့ကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြခဲ့သည်။

တစ်ကိုယ်ရည်သမား အမျိုးသားများသည်ပင် နောင်တွင် ကလေးအဖေ ဖြစ်နိုင်ရန် ၎င်းတို့၏ သုတ်ပိုးများကို အေးခဲခန်းများတွင် သိမ်းဆည်းခွင့်ပြုသော်လည်း အဆိုပါ ဝန်ဆောင်မှုများကို အိမ်ထောင်မရှိသော အမျိုးသမီးများ မရရှိကြပေ။ 

တရုတ်ကွန်မြူနစ်ပါတီသည် မူဝါဒ ၂ မျိုးကို ကျင့်သုံးလျက်ရှိရာတွင် နိုင်ငံ၏ လူဦးရေ ကျဆင်းမှုများ ပြောင်းလဲနိုင်ရန် လင်မယားများအနေဖြင့် သားသမီး ပိုမိုမွေးဖွားရန် တိုက်တွန်းနေသော်လည်း တစ်ကိုယ်ရည်အမျိုးသမီးများအနေဖြင့် နောင်အချိန်တွင် အသုံးပြုနိုင်မည့် မမျိုးဥများအား အေးခဲခန်းတွင် ထားခြင်းအား ဟန့်တားခြင်းတို့ လုပ်ဆောင်နေကြောင်း European Times သတင်းတွင် ဖော်ပြထားသည်။

တရုတ်အစိုးရအနေဖြင့် ယခင်က လူဦးရေ မြင့်မာမှုကို ထိန်းချုပ်စဉ်တွင် အစိုးရက ခွင့်ပြုချက်မပေးသည့် ကိုယ်ဝန်ဆောင်ခြင်းများကို တင်းကြပ်စွာ တားမြစ်ခဲ့ရာ အမျိုးသမီး သန်းပေါင်းများစွာ ကိုယ်ဝန်ဖျက်ချခဲ့ရပြီး သန္ဓေသားသန်းပေါင်းများစွာ ဖျက်ဆီးခံခဲ့ရသည်။ နိုင်ငံအဝှမ်း မိသားစုဘဝများစွာ ပျက်စီးခဲ့ရကြောင်းလည်း European Times သတင်းတွင် ဖော်ပြထားသည်။

ယခုအခါ တရုတ်အစိုးရက နိုင်ငံသားများအနေဖြင့် ကလေးပိုမို မွေးဖွားရန် လိုလားနေပြီး ကလေးမြန်မြန်ဆန်ဆန် မယူသော၊ ဆင်းရဲသော မိသားစုများကိုလည်း အလေးထား တိုက်တွန်းလျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required