ဟောင်ကောင်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသောကလေးများ၌တွေ့ရသည့် ရောဂါလက္ခဏာသစ်များကြောင့် စိုးရိမ်မှု မြင့်တက်

ဟောင်ကောင်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသောကလေးများ၌တွေ့ရသည့် ရောဂါလက္ခဏာသစ်များကြောင့် စိုးရိမ်မှု မြင့်တက်

ကိုဗစ်-၁၉ ကူးစက်မှု ပဉ္စမလှိုင်း၌ ရောဂါကူးစက်ခံရသော ကလေးငယ်များတွင် အသံဝင်ခြင်းနှင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုအပါအဝင် ရောဂါလက္ခဏာသစ်များ တွေ့ရကြောင်း ဟောင်ကောင်မှ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက ပြောသည်။

မူလတန်းနှင့်အလယ်တန်းကျောင်းများကို စက်တင်ဘာ ၁ ရက်တွင် ဖွင့်ရန် စီစဉ်ထားစဉ်မှာ ၄ ရက်ဆက်တိုက်အတွင်း အတည်ပြုလူနာ ၇ ၀၀၀ ကျော်တွေ့ရှိခဲ့သည့် ဟောင်ကောင်အတွက် နောက်ဆုံးတွေ့ရှိရသည့် ရောဂါလက္ခဏာများက  စိုးရိမ်စရာဖြစ်သည်။

ဟောင်ကောင်အစိုးရကျန်းမာရေးဌာနအောက်ရှိ ကူးစက်ရောဂါကာကွယ်ရေး ဒါရိုက်တာ ချောင်ရှုကွမ်က ရောဂါပိုးကူးစက်ခံထားရသော ကလေးငယ်အချို့သည် အသံအိုး၊ လေပြွန်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာပြွန်များရောင်ခြင်းစသည့် ရောင်ရမ်းပိတ်ဆို့မှုလက္ခဏာများဖြစ်ပေါ်လာသည်ဟု ဆိုသည်။

Princess Margaret ဆေးရုံကလေးအထူးကုနှင့် ဆယ်ကျော်သက်ဆေးပညာဌာနမှ အတိုင်ပင်ခံ မိုက်ကွမ်ယက်ဝါက အိုမီခရွန်မျိုးကွဲကြောင့်ဖြစ်သော ပဉ္စမလှိုင်းအတွင်း ကလေးများ၏ ရောဂါလက္ခဏာရပ်များသည် ယခင်ကူးစက်မှပုံစံများနှင့် ကွဲပြားသည်ဟု ပြောသည်။

ပါရာအင်ဖလူယန်ဇာဗိုင်းရပ်စ်လိုမျိုး ကူးစက်ရောဂါအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ဒီအခြေအနေအားလုံးနီးပါးဟာ အိုမီခရွန်မျိုးကွဲကြောင့်ဖြစ်တာပါ" ဟု မိုက်ကွမ်ယက်ဝါက ဆိုသည်။

ကိုဗစ်-၁၉ ရောဂါလက္ခဏာများ အချိန်ကြာမြင့်စွာဖြစ်ပေါ်နိုင်ပြီး ကိုဗစ်-၁၉ ရောဂါမှ နာလန်ပြန်ထူလာသောကလေးများ၏ ၁၉ ရာခိုင်နှုန်းသည် Princess Margaret တွင် ပြင်ပလူနာအဖြစ် ဆေးရုံတက်စဉ်က အဆိုပါလက္ခဏာအနည်းဆုံးတစ်ခုရှိကြောင်း ကွမ်ကပြောသည်။

မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ သိမြင်ဆုံးဖြတ်နိုင်စွမ်း ချို့တဲ့ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မအီမသာဖြစ်ခြင်း စသည့်ရောဂါလက္ခဏာများကို အများဆုံးတွေ့ရသည်ဟု ကွမ်ကမှတ်ချက်ပြုသည်။

ဩဂုတ် ၂၇ ရက်က ဟောင်ကောင်တွင် စုစုပေါင်း အတည်ပြုလူနာသစ် ၈ ၄၅၇ ဦးတွေ့ရှိခဲ့ပြီး ၅ ဦးသေဆုံးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly