အစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ၁၃ဦးကော်မတီကို UNFC တိုးချဲ့ဖွဲ့စည်း

အစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ၁၃ဦးကော်မတီကို UNFC တိုးချဲ့ဖွဲ့စည်း

ချင်းမိုင်၊ ဖေဖော်ဝါရီ ၂၀ ။ ။ ဧပြီ ၁ရက်တွင် တက်လာမည့် အစိုးရသစ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကိုယ်စားလှယ် ၁၃ဦးပါ “နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ”ကို တိုးချဲ့ ဖွဲ့စည်းလိုက်သည်ဟု UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က သတင်းထောက်များကို ပြောသည်။

UNFC ၏ ၃ ရက်ကြာ ကျင်းပသော အရေးပေါ်အစည်းအဝေးတွင် ငြိမ်းချမ်းရေးဆွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့သစ်ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ ပေးအပ်ခဲ့သည်။ 

“ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ကိုယ်စားလှယ်တွေ စုဖွဲ့တဲ့နေရာမှာ ၉ ဦးအခြေခံနဲ့စုဖွဲ့ပြီးတော့ လိုအပ်ရင် လိုအပ်သလို၊ လောလောဆယ် ၁၁ ဦး နာမည်စာရင်းနဲ့ စုဖွဲ့ထားပြီးဖြစ်တယ်။ လိုအပ်ရင် တိုးချဲ့ဖွဲ့စည်းမယ်။ အဲဒီအဖွဲ့ကို တက်လာမယ့် အစိုးရကနေ အပ်နှင်းလိုက်မယ့် ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်တာဖြစ်တယ်”ဟု ခူဦးရယ်က ပြောသည်။

ယင်းကော်မတီတွင် ခေါင်းဆာင်အဖြစ် ခူဦးရယ်၊ ဒုတိယ ခေါင်းဆောင် (၁) ဗိုလ်ချုပ် စိုင်ထူး၊ ဒုတိယခေါင်းဆောင်(၂) ဗိုလ်ချုပ် ဂွမ်မော် တို့ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် SSPP မှ စပ်စိုင်အွန်၊ မွန်ပြည်သစ်ပါတီမှ နိုင်ရွှေသိန်း၊ KIO မှ ဒူဝါဘောမ်ဝမ်လရော်၊ ANCက ဗိုလ်ချုပ်ကြီး မင်းထွန်း၊ LDU ဗိုလ်မှူးကြီး စောလမွန်၊ WNO မှ ဗိုလ်မှူး တာ့ညီလူ၊ PSLF မှ တာဘန်လ၊ MNDAA မှဖုန်းဝင်းနိုင် တို့ အပါအဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ KNPP နှင် NMSP တို့မှ ကိုယ်စားလှယ် ၂ ထပ်မံ တိုးမြင့် ဖွဲ့စည်းမည် ဖြစ်သည်။

ယင်းအပြင် ဖေဖော်ဝါရီ ၂၂ရက် သို့မဟုတ် ၂၃ရက်တွင်လည်း တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးကောင်စီ(UPWC) ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

“မနေ့က အစည်းအဝေးမှာ တွေ့ကြမယ်လို့တော့ သဘောတူထားပြီးပြီ။ အရင်တွေ့နေကြတွေပဲ။ မိတ်မပျက်ဖို့ တွေ့ကြမယ်”ဟု UNFC ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ရန် ပြင်ဆင်နေဆဲ ဖြစ်သည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC) အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

“တွေ့ရင်လည်း အန်စီအေ လက်မှတ်ရေးထိုးနိုင်ဖို့ ကိစ္စနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ချောချောမွေ့မွေ့ ဖြစ်သွားနိုင်ဖို့ အဓိက ဒီနှစ်ချက်ပဲ ရှိပါတယ်၊ အခုလောလောဆယ် ပြင်ဆင်နေဆဲပဲ။ ကျနော်တို့အနေနဲ့ ခုထိတော့ ဆုံးဖြတ်ချက်တော့ မပေးသေးဘူး။ တွေ့ရင်တော့ UNFC နဲ့တွေ့ဖို့တော့ မရှိဘူး။ လက်မှတ်မရေးထိုးထားတဲ့ လူတွေအနေနဲ့ဘဲ တွေ့ဖို့ ရှိတယ်။ ဒါပေမဲ့ ပြင်ဆင်ဆဲ ရှိတော့ အတည်မပြုနိုင်သေးဘူး၊ မနက်ဖြန်မှပဲ လာမယ်မလာဘူးဆိုတာ သိနိုင်မယ်”ဟု သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags