ကနေဒါ ပါလီမန်အမတ်များ ထိုင်ဝမ်သို့ လာမည့်အစီအစဉ်အပေါ် တရုတ် သတိပေး

ကနေဒါ ပါလီမန်အမတ်များ ထိုင်ဝမ်သို့ လာမည့်အစီအစဉ်အပေါ် တရုတ် သတိပေး

ကနေဒါပါလီမန်အမတ်များသည် ကုန်သွယ်ရေးအခွင့်အလမ်းများရှာဖွေရန် ယခုနှစ်နှောင်းပိုင်းတွင် ထိုင်ဝမ်သို့ လာရန် စီစဉ်ထားကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် တစ်ပတ်အကြာတွင် တရုတ်က ကနေဒါအနေဖြင့် ထိုင်ဝမ်ကို ဝင်ရောက်စွက်ဖက်ပါက ပြင်းထန်သောစီမံချက်များ ချမှတ်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

“တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာဖို့နဲ့ တရုတ်ရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို လေးစားဖို့ ကနေဒါကို တိုက်တွန်းပါတယ်” ဟု ကနေဒါရှိ တရုတ်သံရုံးက ဩဂုတ် ၂၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ထိပါးတဲ့ သို့မဟုတ် စွက်ဖက်ဖို့ ကြိုးပမ်းတဲ့ ဘယ်နိုင်ငံကိုမဆို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ” ဟု တရုတ်သံရုံးက ပြောသည်။

ကနေဒါပါလီမန်ထံမှ စီမံခန့်ခွဲရေး သို့မဟုတ် ငွေကြေးအထောက်အပံ့မယူသည် ကနေဒါ-ထိုင်ဝမ်ပါလီမန် ချစ်ကြည်ရေးအဖွဲ့ဝင်များသည် အောက်တိုဘာလတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်သို့ သွားရောက်ရန် စီစဉ်ခဲ့ကြောင်း လစ်ဘရယ်ပါလီမန်အမတ် ဂျူဒီဆာရိုက ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

ဆာရိုက ခရီးစဉ်သည် ကုန်သွယ်ရေးကို အဓိကထားလုပ်ဆောင်မည်ဖြစ်ပြီး လွှတ်တော်အမတ်များသည် ထိုင်ဝမ်နှင့် တရုတ်တို့ကို ပြဿနာများဖြစ်စေရန် မရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

ကနေဒါသည်  ကျန်အနောက်နိုင်ငံများကဲ့သို့ပင် တရုတ်ကို အသိအမှတ်ပြုသော တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာပြီး ထိုင်ဝမ်ကိုလည်း အလွတ်သဘော ထောက်ခံသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ယခုလအစောပိုင်းက တရုတ်၏ဆန္ဒကို ဆန့်ကျင်ကာ ထိုင်ဝမ်သို့ လာရောက်ခဲ့ပြီးနောက်ပိုင်း တရုတ်နှင့်အနောက်နိုင်ငံအကြား ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly