လုံခြုံရေးပြဿနာများကြောင့် တရုတ်ကုမ္ပဏီများအပေါ် ယုံကြည်မှု ဆုံးရှုံးနေ

လုံခြုံရေးပြဿနာများကြောင့် တရုတ်ကုမ္ပဏီများအပေါ် ယုံကြည်မှု ဆုံးရှုံးနေ

တရုတ်နည်းပညာကုမ္ပဏီများ၏ ဒီဇိုင်းပုံစံနှင့် ရည်ရွယ်ချက်များက  လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ဖြစ်စေနိုင်သည့် သံသယများကြောင့်  ၎င်းတို့အပေါ် အမေရိကန်၊ ဗြိတိန်နှင့်ဥရောပသမဂ္ဂတို့တွင် ယုံကြည်မှု ကျဆင်းလျက်ရှိသည်။ 

မကြာသေးမီက ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် ဗြိတိန်မှ ထောက်လှမ်းရေးအဖွဲ့ MI5 တို့သည် တရုတ်အစိုးရသူလျှိုစစ်ဆင်ရေးများ၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း Asian Lite International က ဖော်ပြသည်။

အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်)   ဒါရိုက်တာ ခရစ္စတိုဖာ အေဝရေးက “တရုတ်အစိုးရဟာ ခင်ဗျားတို့ရဲ့ နည်းပညာတွေ နဲ့ ခင်ဗျားလုပ်ငန်း လှုပ်ရှားမှုမှန်သမျှ ခိုးယူလိမ့်မယ်။ ခင်ဗျားရဲ့လုပ်ငန်းကို အနှောင့်အယှက် ပေးဖို့နဲ့ ဈေးကွက်ကို လွှမ်းမိုးဖို့ အဲဒါကို အသုံးချလိမ့်မယ်” ဟု သတိပေးခဲ့သည်။

ယမန်နှစ် မတ်လက အမေရိကန်ဖယ်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC)သည် အမေရိကန် ဆက်သွယ်ရေး ကွန်ရက်ကို ကာကွယ်ရန် ရည်ရွယ်သော ၂၀၁၉ ဥပဒေအရ တရုတ်ကုမ္ပဏီ ၅ ခုကို နိုင်ငံတော် လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ခဲ့သည်။

အဆိုပါကုမ္ပဏီများတွင် Huawei Technologies Co၊ ZTE Corp၊ Hytera Communications Corp၊ Hangzhou Hikivision Digital Technology Co နှင့် Zhejiang Dahua Technology Co ကဲ့သို့သော တရုတ်နည်းပညာ ကုမ္ပဏီများ ပါဝင်သည်။

၂၀၁၈ ခုနှစ်တွင် ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အက်ဥပဒေ ထွက်ပေါ်လာပြီးနောက် အမေရိကန်အစိုးရနှင့် အစိုးရကန်ထရိုက်တာများက Huawei နှင့် ZTE နည်းပညာများကို ပိတ်ပင်ခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်က  Huawei ကို ကုန်သွယ်ရေးအမည်ပျက်စာရင်းတွင် ထည့်သွင်းပြီး ကန့်သတ်ချက်များချက်ခြင်းပြဋ္ဌာန်းလိုက်သဖြင့် Huawei သည် အမေရိကန်ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ဆောင်ရန် ခက်ခဲလာခဲ့သည်။

ထို့ပြင် သမ္မတဂျိုးဘိုင်ဒန်က လုံခြုံရေးခြိမ်းခြောက်မှုရှိသည်ဟု ယူဆရသည့် Huawei နှင့် ZTEကဲ့သို့သော ကုမ္ပဏီများအား အမေရိကန်စည်းမျဉ်းထိန်းချုပ်ရေးအဖွဲ့မှ ပစ္စည်းလိုင်စင်သစ်များ ထုတ်ယူခြင်းကို တားမြစ်သော ဥပဒေကို လက်မှတ်ရေးထိုးခဲ့သောကြောင့် အမေရိကန်၌ တရုတ်၏လုပ်ငန်းလည်ပတ်မှုများ အခက်တွေ့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly