ပါကစ္စတန်ဘက်သို့ ဒုံးကျည် မတော်တဆ ပစ်လွှတ်မိမှုဖြစ်စဉ်အတွက် တာဝန်ရှိသော အရာရှိ ၃ ဦးကို အိန္ဒိယ ထုတ်ပယ်

ပါကစ္စတန်ဘက်သို့ ဒုံးကျည် မတော်တဆ ပစ်လွှတ်မိမှုဖြစ်စဉ်အတွက် တာဝန်ရှိသော အရာရှိ ၃ ဦးကို အိန္ဒိယ ထုတ်ပယ်

ဩဂုတ် ၂၄

ပြီးခဲ့သည့် မတ်လက ဖြစ်ပွားခဲ့သော ပါကစ္စတန်နိုင်ငံဘက်သို့ ဒုံးကျည်တစ်စင်း မတော်တဆ ပစ်လွှတ်မိခဲ့သည့် ဖြစ်စဉ်အတွက် တာဝန်ရှိသည့် အရာရှိသုံးဦးကို ယခုအခါ အိန္ဒိယအစိုးရက အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း အိန္ဒိယ လေတပ်က ဩဂုတ် ၂၃ ရက်တွင် ပြောသည်။

အဆိုပါ မတ်လဖြစ်စဉ်တွင် ထိခိုက်သေဆုံးမှု မရှိခဲ့သလို ထိုဖြစ်စဉ်အပေါ် နျူကလီးယားလက်နက်ပိုင် နှစ်နိုင်ငံစလုံးက တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ခဲ့ကြသည်။

စစ်ပွဲ သုံးကြိမ် တိုက်ထားသလို အများအားဖြင့် ကက်ရှ်မီးယားဒေသ နယ်မြေ အငြင်းပွားမှုနှင့်ပတ်သက်ပြီး အသေးစား လက်နက်ကိုင် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ထားခဲ့သည့် နျူကလီးယားလက်နက်ပိုင် အိမ်နီးချင်းနှစ်နိုင်ငံအတွက် မတော်တဆမှုများ သို့မဟုတ် အတွက်အချက်မှားခြင်းတို့၏ အန္တရာယ်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့်ကာလများအတွင်း စစ်ဘက်ကျွမ်းကျင်သူများက သတိပေးထားခဲ့သည်။

အိန္ဒိယနှင့် ရုရှတို့ ပူးတွဲထုတ်လုပ်သည့် နျူကလီးယား တပ်ဆင်နိုင်သော မြေပြင်တိုက်ခိုက်ရေး ခရု(စ်) ဒုံးကျည် BrahMos တစ်စင်းကို မတ်လ ၉ ရက်က မတော်တဆ ပစ်လွှတ်မိခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဒုံးကျည် မတော်တဆ ပစ်ခတ်မိမှုများ မဖြစ်ပေါ်စေရေး တားဆီးကာကွယ်ရန် ဘေးကင်းလုံခြုံမှုဆိုင်ရာ အစီအမံများ လုပ်ဆောင်မှုအပိုင်းနှင့်ပတ်သက်ပြီး ပါကစ္စတန်က အိန္ဒိယထံမှ ဖြေရှင်းချက် တောင်းခံခဲ့သည်။

“ဖြစ်စဉ်အတွက် တာဝန်ရှိသူတွေကို အတိအကျ ဖော်ထုတ်ဖို့အပါအဝင် အချက်အလက်တွေ စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေးတရားရုံးတစ်ခုက စစ်ဆေးခဲ့ရာမှာတော့ အရာရှိသုံးဦးက စံသတ်မှတ်ချက်လုပ်ထုံးလုပ်နည်းတွေကနေ သွေဖည်လုပ်ဆောင်ခဲ့မှုကြောင့် ခုလို ဒုံးကျည်မတော်တဆ ပစ်မိမှုကို ဖြစ်စေခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်” ဟု အိန္ဒိယလေတပ်က ထုတ်ပြန်သည်။

အဆိုပါ တာဝန်ရှိသည့် အရာရှိသုံးဦးကို အိန္ဒိယအစိုးရက ဩဂုတ် ၂၃ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း လေတပ်က ထုတ်သည်။

BrahMos ဒုံးကျည်၏ အလှမ်းမီသော အကွာအဝေးသည် ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်) နှင့် ၅၀၀ ကီလိုမီတာ (၃၁၀ မိုင်) အကြား ဖြစ်ပြီး အိန္ဒိယမြောက်ပိုင်း ဒုံးပစ်စင်တစ်ခုကနေ ပါကစ္စတန်မြို့တော် အစ္စလမ်မာဘတ်သို့ ရောက်ရှိနိုင်စွမ်း ရှိသည့် အကွာအဝေးဖြစ်ကြောင်း အမေရိကန်အခြေစိုက် လက်နက်ထိန်းချုပ်ရေးအဖွဲ့က ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly