ဟောင်ကောင်မီဒီယာသူဌေးကြီး  ဂျင်မီလိုင်က စွဲဆိုခံထားရသည့် အမှုအတွက် အပြစ်မရှိကြောင်း ထွက်ဆိုမည်

ဟောင်ကောင်မီဒီယာသူဌေးကြီး  ဂျင်မီလိုင်က စွဲဆိုခံထားရသည့် အမှုအတွက် အပြစ်မရှိကြောင်း ထွက်ဆိုမည်

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီလိုင်သည် အမျိုးသားလုံခြုံရေးဥပဒေအရ စွဲချက်တင်ခံရသည့်အမှုတွင် ရုံးတင်စစ်ဆေးခံကာ အပြစ်မရှိကြောင်း ထွက်ဆိုသွားမည်ဟု Hong Kong Free Press (HKFP)ကဖော်ပြသည်။

Apple Dailyမှ ဝန်ထမ်းဟောင်းများဖြစ်ကြသည့် တခြားတရားခံ ၆ ဦးက အပြစ်ရှိကြောင်း ထွက်ဆိုမည်ဖြစ်ကာ ထောင်ဒဏ်ချမှတ်ခံရဖွယ်ရှိနေသည်။

အသက် ၇၄ နှစ်အရွယ်ရှိ လိုင်သည် ပြည်ပနိုင်ငံများနှင့်ပူးပေါင်းရန်ကြံစည်မှု ၂ ခုနှင့် နိုင်ငံတော်အား အကြည်ညိုပျက်စေသောအကြောင်းအရာများထုတ်ဝေဖြန့်ချိရန် ကြံစည်မှု ၁ ခုအပါအဝင် စွဲချက် ၄ ခုကို ရင်ဆိုင်နေရသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာစွဲချက်အတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဏ်တစ်သက်ဖြစ်ပြီး ဆူပူအုံကြွအောင်လှုံ့ဆော်မှာ ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်သည်ဟု HKFPကဖော်ပြသည်။

၂၀၂၁ ခုနှစ်က အမှီအခိုကင်းသော သတင်းဌာနများဖြစ်သည့် Apple Daily နှင့် Stand Newsတို့သည် အတင်းအကျပ်ပိတ်ခံရပြီး တခြားမီဒီယာဌာနငယ်များစွာမှာလည်း တရားဥပဒေဆိုင်ရာအန္တရာယ်များကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ကြသည်။

ဟောင်ကောင်၏ အခြေခံဥပဒေတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ထုတ်ဝေခွင့်တို့ကို ထည့်သွင်းပြဌာန်းထားသည်။ သို့သော် အမျိုးသားလုံခြုံရေးဥပဒေသည် အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေး၊ နိုင်ငံတော် အာဏာကို ထိပါးနှောင့်ယှက်မှုနှင့် ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်း ဟူသော အမည်အောက်၌ လွတ်လပ်သောအသံများကို ဖုံးကွယ်ရန် အကြောင်းပြချက်ဖြစ်လာသည်။

၂၀၁၄ ခုနှစ်က Umbrella Movementခေါ် ဒီမိုကရေအစီအရေးလှုပ်ရှားမှုကို သတင်းရယူသော ဂျာနယ်လစ်မျာ းသည် ရဲတပ်ဖွဲ့နှင့် ပေကျင်းလိုလားသောအဖွဲ့များ၏ ပစ်မှတ်ထားမှုကို ခံခဲ့ရပြီး ယင်းမတိုင်ခင်အချိန်အထိ ဟောင်ကောင်သည် သတင်းထောက်များအတွက် ဘေးကင်းလုံခြုံသော နေရာတစ်ခုဖြစ်ခဲ့သည်။

၂၀၁၉ ခုနှစ် ဆန္ဒပြပွဲများအတွင်း သတင်းထောက်ရာပေါင်းများစွာသည် ရဲအကြမ်းဖက်မှု၏ သားကောင်များဖြစ်ခဲ့ရကာ ဖမ်းဆီးထိန်းသိမ်းခံရပြီး စွဲချက်တင်ခံခဲ့ရသည်။၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးမှုလှိုင်းသစ်တစ်ခု စတင်ခဲ့ပြီး ဒါဇင်ပေါင်းများစွာသော သတင်းထောက်များသည် အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် ထိန်းသိမ်းခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly