အိုးလ်ထရက်ဖို့ဒ်မှာ ကတ်စီမီရိုကို ကစားသမားသစ်အဖြစ် မန်ချက်စတာယူနိုက်တက် မိတ်ဆက်

အိုးလ်ထရက်ဖို့ဒ်မှာ ကတ်စီမီရိုကို ကစားသမားသစ်အဖြစ် မန်ချက်စတာယူနိုက်တက် မိတ်ဆက်
Photo: EPA

မန်ချက်စတာယူနိုက်တက်ဟာ ရီးယဲလ်မက်ဒရစ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကတ်စီမီရိုကို တနင်္လာနေ့က ပြိုင်ဘက်လီဗာပူးလ်အသင်းနဲ့ အိမ်ကွင်းပွဲမတိုင်ခင် ကစားသမားသစ်အဖြစ် မိတ်ဆက်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ လေးနှစ်စာချုပ်ချုပ်ဆိုထားတဲ့ ကက်စီမီရိုအတွက် ပေါင်သန်း ၇၀ အထိ ပေးချေရမှာ ဖြစ်ပါတယ်။

ရီးယဲလ်ကို စိတ်လှုပ်ရှားစွာ နှုတ်ဆက်ပြီးနောက် သူဟာ "ကမ္ဘာ့အကြီးဆုံးအသင်း"ကို ရောက်ရှိလာတာဖြစ်တယ်လို့ ကက်စီမီရိုက ပြောပါတယ်။

အသက် ၃၀ နှစ်အရွယ်ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ထိပ်ဆုံးဝင်ငွေအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာပေမယ့် သူ့ရဲ့ပြောင်းရွှေ့မှုဟာ ငွေကြေးတွန်းအားပေးမှုကြောင့် မဟုတ်ဘူးလို့ သူက ပြောပါတယ်။

“တကယ်လို့ ငွေနဲ့ပတ်သက်ရင် ကျနော် လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ထွက်ခွာခဲ့မှာပါ။"လို့ ဘာနေဗျူးမှာ ကိုးနှစ်ကြာအောင် ကစားခဲ့ပြီးတဲ့နောက်မှာ သူက ပြောပါတယ်။

"ဒါကို မှားတယ်လို့ထင်တဲ့သူတွေက ကျနော့်ကို လုံးဝမသိလို့ပါ။

"ကလပ်က ကျနော့်ကို အမြဲတမ်း ကောင်းကောင်း ဆက်ဆံခဲ့တယ်။ ဒါက ကျနော့် ဆုံးဖြတ်ချက်၊ ကျနော့်လမ်းကြောင်းပါ။"

ယူနိုက်တက်ကစားသမားအဖြစ် ကြေငြာချက်အပြီးမှာ သူက “မန်ချက်စတာယူနိုက်တက်မှာ စိန်ခေါ်မှုအသစ်တွေနဲ့ ပရီးမီးယားလိဂ်မှာ စတင်ခွင့်ရတာက အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။"လို့ ဆက်ပြောခဲ့ပါတယ်။

"ကျနော့် ကစားသမားဘဝမှာ ကြီးကျယ်ခမ်းနားတဲ့ မန်နေဂျာများစွာနဲ့အလုပ်လုပ်ခဲ့တယ်။ အဲရစ်နဲ့ တွေ့ဆုံပြီး သူ့အကြံဉာဏ်တွေကို ကြားသိရတာကြောင့် လာမယ့်နှစ်တွေအတွင်း သူ၊ သူ့ရဲ့ ဝန်ထမ်းတွေ၊ အသင်းဖော်အသစ်တွေနဲ့ နီးကပ်စွာ လုပ်ကိုင်ဖို့ မစောင့်နိုင်တော့ပါဘူး။

“ကျနော် မက်ဒရစ်မှာ လှပတဲ့ခရီးတစ်ခုကို အဆုံးသတ်ရင်း ပွဲတွေ အမြဲအနိုင်ရဖို့၊ ဆုဖလားတွေရယူပြီး ဒီကြီးကျယ်ခမ်းနားတဲ့ ကလပ်အတွက် အောင်မြင်မှုတွေကို ယူဆောင်လာပေးခြင်းဖြင့် ပရိသတ်တွေကို ဂုဏ်ယူအောင် လုပ်ဆောင်ဖို့ ပိုင်းဖြတ်ထားတဲ့အတိုင်း မန်ချက်စတာမှာ နောက်တစ်ကြိမ် စတင်ပါမယ်။

"မန်ချက်စတာယူနိုက်တက်ရဲ့သမိုင်း၊ ကမ္ဘာတစ်ဝှမ်းမှာ ကလပ်အသင်းရဲ့ အရေးပါမှုနဲ့ ပရိသတ်တွေအတွက် ဘာကိုဆိုလိုသလဲဆိုတာကို လူတိုင်းသိပါတယ်။ ယူနိုက်တက်ကို ကိုယ်စားပြုရတာ ဂုဏ်ယူစရာကောင်းပြီး ကျနော့်တို့ရဲ့ရည်မှန်းချက်တွေ အောင်မြင်အောင် အသင်းကို ကူညီပေးဖို့ အရာအားလုံးကို ပေးဆပ်ဖို့ ကျနော် အဆင်သင့်ပါပဲ"

ကတ်စီမီရိုဟာ ၂၀၁၃ က ဆော်ပေါ်လိုကနေ ပြောင်းရွှေ့လာပြီးနောက် သူဟာ ရီးရဲလ်ကို ချန်ပီယံလိဂ် ၅ ကြိမ်၊ လာလီဂါ ၃ ကြိမ်နဲ့ ဘုရင့်ဖလား ၁ ကြိမ် ဆွတ်ဖူးဖို့ ကူညီပေးခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပါဝင်ကစားခဲ့ပြီး ရီးယဲလ်နဲ့အတူ ၁၄ ကြိမ်မြောက် ဥရောပချန်ပီယံဖြစ်ခဲ့ပါတယ်။ သူဟာ စပိန်ဘီလူးကြီးတွေအတွက် ၃၃၆ ပွဲကစားခဲ့ပြီး အယ်လ်မီရီယာကို အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့အပတ် ရာသီအဖွင့်နေ့မှာ လူစားလဲဝင်ကစားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly