တရုတ်နှင့်တင်းမာမှုများရှိနေချိန်တွင် လစ်သူယေးနီးယားက လာမည့်လအတွင်း တိုင်ပေ၌ ကုန်သွယ်ရေးရုံး ဖွင့်လှစ်မည်

တရုတ်နှင့်တင်းမာမှုများရှိနေချိန်တွင် လစ်သူယေးနီးယားက လာမည့်လအတွင်း တိုင်ပေ၌ ကုန်သွယ်ရေးရုံး ဖွင့်လှစ်မည်

တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် လစ်သူယေးနီးယားသည် လာမည့် စက်တင်ဘာလတွင် ထိုင်ဝမ်၌  ကုန်သွယ်ရေးရုံး ဖွင့်လှစ်ရန် စီစဉ်ထားသည်။

လစ်သူယေးနီးယားဝန်ကြီးချုပ် အင်ဂရိုင်ဒါစိုင်မွန်တီ၏  အကြံပေးပုဂ္ဂိုလ် ပေါ်လီယပ်စ်လူကောက်စ်ကပ်အား ရုံးအကြီးအကဲအဖြစ် ခန့်အပ်လိုက်ကြောင်း လစ်သူယေးနီးယား စီးပွားရေးနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာနက ဩဂုတ် ၁၇ ရက်တွင် ကြေညာကြောင်း Taipei Times က ဖော်ပြထားသည်။

"ထိုင်ဝမ်ဟာ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်မှု၊ ပို့ကုန်နဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေအတွက် လစ်သူယေးနီးယားရဲ့ ဦးစားပေးဈေးကွက်တွေမှာ ပါဝင်ပါတယ်။ ဒီနှစ် ပထမနှစ်ဝက်မှာ လစ်သူယေးနီးယား ထွက်ကုန်နဲ့ ဝန်ဆောင်မှု တင်ပို့မှုက  ၃ ပုံ ၁ ပုံ တိုးလာပါတယ်” ဟု လစ်သူယေးနီးယား စီးပွားရေးနှင့် တီထွင် ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီး အောစထရင်းအာမိုနိုက်၏ ပြောကြားချက်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုင်ဝမ်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် လစ်သူယေးနီးယား၌  ၎င်း၏တရားဝင် ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ပြီးနောက် တရုတ်နှင့် လစ်သူယေးနီးယားအကြား ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။ 

တိုင်ပေရှိ ရုံးသည် အာရှတွင် လစ်သူယေးနီးယား၏ စီးပွားရေးကိုယ်စားပြုမှုကို များပြားစေရုံသာမက အပြန်အလှန် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကူညီပေးမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ထို့ပြင် ယခုနှစ် ပထမ ၆ လတွင် အပြန်အလှန်ကုန်သွယ်မှုသည် တစ်နှစ်ထက် တစ်နှစ် ၉၂ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ 

တိုင်ပေရှိ ကုန်သွယ်ရေးရုံးသစ်ကို လစ်သူယေးနီးယား ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးဟု ခေါ်တွင်ကြောင်း Taipei Times သတင်းတွင် ဖော်ပြထားသည်။
လစ်သူယေးနီးယား တာဝန်ရှိသူများက ၎င်းသည် စီးပွားရေးဆိုင်ရာ ရုံးတစ်ခုဖြစ်ပြီး သံတမန်ရေးရာ သဘောသဘာဝအရ မဟုတ်ကြောင်း ပြောသည်ဟု Baltic News Service က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required