ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ကာစီမီရိုကို ခေါ်ယူဖို့ မန်ယူနိုက်တက် သဘောတူညီ

ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ကာစီမီရိုကို ခေါ်ယူဖို့ မန်ယူနိုက်တက် သဘောတူညီ
Photo: EPA

 မန်ချက်စတာယူနိုက်တက်အသင်းက သူတို့ဟာ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ကာစီမီရိုကို ပေါင် သန်း၆၀ (ဒေါ်လာ သန်း ၇၀) တန်ကြေးထိရှိတဲ့ ပြောင်းရွှေ ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ တာဝန်ယူကတည်းက ခံစစ်ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး ဘာစီလိုနာအသင်းမှ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ပျက်ကွက်ခဲ့ပြီးနောက် နောက်ဆုံးမှာ ကာစီမီရိုနဲ့ အဆုံးသတ်ခဲ့တာပါ။

ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့ကို ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အောက်ဆုံးမှာ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ ကနဦး ပေါင် သန်း ၅၀ ပေးချေဖို့ စီစဉ်ထားပါတယ်။

စာချုပ်ပါ အချက်အချို့ ပြည့်စုံပါက စုစုပေါင်း ပြောင်းရွှေ့ကြေးမှာ နောက်ထပ် ပေါင် ၁၀ သန်း တိုးသွားမှာွဖစ်ပါတယ်။

ကာစီမီရိုကို နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် အပါအဝင် လေးနှစ်စာချုပ်နဲ့ ကမ်းလှမ်းထားပြီး အပြောင်းအရွှေ့ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေအရ သဘောတူညီမှုရထားပါတယ်။

အသက် ၃၀ အရွယ်ကစားသမားဟာ ၂၀၁၃ ခုနှစ်က ဆော်ပေါ်လိုကနေ ရီးယဲလ်ကို ရောက်ရှိလာခဲ့ပြီး စပိန်ကလပ်အတွက် ချန်ပီယံလိဂ်ဖလား ၅ ကြိမ် ဆွတ်ခူးကာ အဓိက ကွင်းလယ်တွင် ပါဝင်ခဲ့ပါတယ်။

"မန်ချက်စတာယူနိုက်တက်ဟာ ကာစီမီရို အပြောင်းအရွှေ့အတွက် ရီးယဲလ်မက်ဒရစ်နဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါကြောင်း ဝမ်းမြောက်စွာ ကြေငြာအပ်ပါတယ်။"လို့ ယူနိုက်တက်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

"အပြောင်းအရွှေ့ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု၊ ယူကေဗီဇာ လိုအပ်ချက်တွေနဲ့ ဆေးဘက်ဆိုင်ရာတွေအပေါ် မူတည်ပါတယ်။"

တန်ဟက်ဂ်ဟာ သောကြာနေ့အစောပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ၎င်းရဲ့အပြောင်းအရွှေ့ကို ဆွေးနွေးဖို့ ငြင်းဆိုခဲ့ပေမယ့် ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက စပိန်ရှိမီဒီယာတွေနဲ့ ပြောတဲ့အခါ အပြောင်းအရွှေ့ဟာ ပိုမိုမျှော်လင့်လာခဲ့ပါတယ်။

"ကျနော် ဒီမနက် သူနဲ့ ဆွေးနွေးပြီးပါပြီ။ သူက စိန်ခေါ်မှုအသစ်၊ အခွင့်အလမ်းသစ်ကို စမ်းကြည့်ချင်တယ်"လို့ အန်ဆယ်လော့တီက ပြောပါတယ်။

“ကလပ်က နားလည်ပါတယ်။ သူ ဒီကလပ်အတွက်နဲ့  သူလုပ်ပေးခဲ့တာ အားလုံး ကျနော်တို့ သူ့ကို လေးစားရပါမယ်။

"သူသာ ဆက်မနေဘူးဆိုရင်၊ သူလုပ်ပေးခဲ့သမျှအတွက် သူ့အပေါ် ကျနော်တို့ ကျေးဇူးအများကြီးတင်နေရမှာပါ။ ကျနော်တို့ အသင်းလူစာရင်းကို အစားထိုးတာတွေရှိပါတယ်။"

ရီးယဲလ်မက်ဒရစ်ဟာ တနင်္လာနေ့မှာ ကလပ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် တက်ရောက်မယ့် ကာစီမီရိုကို ဂုဏ်ပြုပြီး နှုတ်ဆက်ပွဲပြုလုပ်မယ်လို့ ပြောပါတယ်။

ထုတ်ပြန်ချက်တစ်ခုမှာ စပိန်ဘီလူးကြီးတွေက ၎င်းကို "ကျနော်တို့ရဲ့သမိုင်းမှာ အထင်ရှားဆုံးနဲ့ အအောင်မြင်ဆုံးကာလတွေထဲမှ သာလွန်ထူးချွန်းဆုံး ကစားသမားတွေထဲမှ တစ်ဦး"လို့ ခေါ်ဆိုခဲ့ပါတယ်။

“ရီးယဲလ်မက်ဒရစ်ဟာ အမြဲတမ်း သူ့အိမ်ဖြစ်လာမှာဖြစ်ပြီး သူ့ဘဝရဲ့ ကဏ္ဍသစ်မှာ သူနဲ့ သူ့မိသားစုအားလုံး ကံကောင်းပါစေလို့ ဆုတောင်းပါတယ်”လို့ ၎င်းက ဆိုပါတယ်။

ကာစီမီရိုဟာ လက်ရှိ ယူနိုက်တက်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ရာဖေးလ် ဗရန်းတို့နဲ့အတူ စပိန်မြို့တော်မှာ ကစားခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly