တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၌ ရေကြီးမှုကြောင့် ၁၆ ဦး သေဆုံးကာ ဒါဇင်နှင့်ချီ ပျောက်ဆုံးနေ

By Channel News Asia
18 August 2022
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၌ ရေကြီးမှုကြောင့် ၁၆ ဦး သေဆုံးကာ ဒါဇင်နှင့်ချီ ပျောက်ဆုံးနေ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရွှံ့မြေများပြိုကျကာ မြစ်လမ်းကြောင်းပြောင်းသွားပြီးနောက် လူ ၁၆ ဦးသေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင် CCTV ရုပ်သံလွှင့်ဌာနက ဩဂုတ် ၁၈ ရက်တွင် ကြေညာသည်။

ချင်းဟိုင်ပြည်နယ် ဒါတောင်ကောင်တီတောင်တန်းဒေသတွင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး ရွာ ၆ ရွာမှ လူပေါင်း ၆၂၀၀ ကျော်ကို ထိခိုက်စေခဲ့ကြောင်း CCTV က ထုတ်လွှင့်ခဲ့သည်။

ဩဂုတ် ၁၈ ရက် မွန်းတည့်ချိန်အထိ လူ ၁၆ ဦးသေဆုံးပြီး ၃၆ ဦး ပျောက်ဆုံးနေကာ ကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဆိုသည်။

တရုတ်နိုင်ငံတွင် အလွန်ပူပြင်းသောနွေရာသီ၌ ရေကြီးမှုဖြစ်ပေါ်လာခြင်းဖြစ်ပြီး မြို့ကြီးများစွာသည် စံချိန်တင် အပူဆုံးနေ့ရက်များကို ဖြတ်သန်းနေရသည်။

နိုင်ငံပိုင်မီဒီယာမှ ထုတ်လွှင့်ခဲ့သည် ဗီဒီယိုဖိုင်၌ ရွှံ့ဗွက်များလွှမ်းနေသော လမ်းများ၊ အမြစ်လန် လဲနေသော သစ်ပင်များ၊ ပျက်စီးနေသောအိမ်များနှင့် ဂေါ်ပြားများ ကိုင်ဆောင်ထားသော ကယ်ဆယ်ရေးအလုပ်သမားကို တွေ့ရသည်။

ကမ္ဘာတစ်ဝန်းတွင် လွန်ကဲသော ရာသီဥတုကြောင့် ရာသီဥတုဖောက်ပြန်မှုမှုများကို မကြာခဏတွေ့ရပြီး အပူချိန်မြင့် တက်လာသည်နှင့်အမျှ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များက ပြောသည်။ 

တရုတ်နိုင်ငံတောင်ပိုင်းတွင် ဇွန်လအတွင်း ပြင်းထန်သော ရေကြီးရေလျှံမှုကြောင့် လူပေါင်း သန်းဝက်ကျော် နေရပ်စွန့်ခွါရပြီး ပျက်စီးဆုံးရှုံးမှုခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၅၀ ခန့် ရှိခဲ့သည်။

မြို့တော် ပေကျင်းနှင့် အနီးအနားရှိ တီယန်ကျင်းမြို့နှင့် ဟဲပေပြည်နယ်အပါအဝင် နိုင်ငံမြောက်ပိုင်း ဒေသများတွင်လည်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း တရုတ်အာဏာပိုင်များက ဩဂုတ် ၁၇ ရက်တွင် သတိပေးခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင်လည်း အပူလှိုင်းဖြတ်သဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ကာ စက်ရုံအလုပ်ရုံများကို ရပ်နားခဲ့ရပြီးနောက် သန်းပေါင်းများစွာသော ပြည်သူများသည် လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required