တရုတ်၏ စစ်ဘက်ဆိုင်ရာပစ္စည်းအရည်အသွေးကို ဘင်္ဂလားဒေ့ရှ် ကျေနပ်မှုမရှိ

တရုတ်၏ စစ်ဘက်ဆိုင်ရာပစ္စည်းအရည်အသွေးကို ဘင်္ဂလားဒေ့ရှ် ကျေနပ်မှုမရှိ

တရုတ်သည် အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံများအတွက် ကာကွယ်ရေးပစ္စည်း အဓိကတင်ပို့သူဖြစ်ရန် ကြိုးစားနေသည်မှာ နှစ်အတော်ကြာပြီဖြစ်သလို လက်နက်ထောက်ပံ့မှုကို ထိန်းချုပ်ရေးကိရိယာအဖြစ် အသုံးပြုနေကာ နိုင်ငံတချို့အား စစ်ဘက်ဆိုင်ရာမှီခိုမှုဖြင့် ချည်နှောင်ရန် ကြိုးစားလျက်ရှိသည်။

သို့သော် အနောက်တိုင်းစံနှုန်းများကိုမမီဘဲ ထုတ်လုပ်လိုက်သော အရည်အသွေးနိမ့်လက်နက်များသည် ယင်းစီမံကိန်းကို ပျက်ပြားစေသည်ဟု Bangladesh Live News ကဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် မကြာသေးမီက China North Industries Corporation (Norinco) မှ ထုတ်လုပ် သည့် တင့်ကားသုံးလက်နက်ခဲယမ်းများကို ကျေနပ်အားရမှုမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး စမ်းသပ်ရန် ငြင်းဆိုလိုက်သည်။ ဘင်္ဂလားဒေ့ရှ်သည် တရုတ်နိုင်ငံမှရရှိသော စစ်ဘက်ထောက်ပံ့ရေးပစ္စည်းများ၏ အရည်အသွေး ကို အလိုမကျပုံပေါ်သည်။

ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံ၏စီးပွားရေးအခြေအနေကြောင့် အနောက်နိုင်ငံများထက် ထုတ်ကုန်ပိုမို ဈေးသက်သာသော တရုတ်ဘက်သို့ ဦးလှည့်ခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် Norinco မှ ထုတ်လုပ်သည့် အပေါ့စားလက်နက်များ၊ အမြောက်များနှင့် သံချပ်ကာယာဉ်များကို ဝယ်ယူခဲ့သည်ဟု DIFESA အွန်လိုင်း ဝက်ဘ်ဆိုက်ကို ကိုးကား၍ Bangladesh Live News ကဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၂၀၁၁-၂၀၂၀ ကာလအတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများဝယ်ယူမည့် သံချပ်ကာအစိတ်အပိုင်းအတွက် အဆင့်မြှင့်တင်မှုအစီအစဉ်တစ်ခုတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

တရုတ်သည် မကြာသေးမီက China Precision Machinery Import Export Company (CPMIEC) ကုမ္ပဏီမှ HQ-7 တာတိုပစ် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များနှင့် ပတ်သက်သည့် စက်ပစ္စည်းအချို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထောက်ပံ့ပေးခဲ့ကြောင်း အဆိုပါသတင်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။

သို့သော် အင်ဂျင်၊ ဆက်သွယ်ရေးစနစ်နှင့် အနီအောက်ရောင်ခြည်အာရုံခံစနစ်စက်အပါအဝင် ပို့ဆောင်ရေး ယာဉ်များနှင့် ဒုံးကျည်များနှင့်စပ်လျဉ်း၍ ပြဿနာအများအပြားရှိကြောင်း Bangladesh Live News က ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်ရေတပ်က တရုတ်သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ China Shipbuilding and Offshore International ကုမ္ပဏီလီမီတက်မှ ပံ့ပိုးပေးသော ရေဒါများနှင့်ပတ်သက်၍လည်း စိတ်ကျေနပ်မှုမရှိကြောင်း ပြောခဲ့သည်။

တရုတ်မှထုတ်လုပ်သော လက်နက်များသည် အရည်အသွေးနှင့် ယုံကြည်စိတ်ချရမှု နည်းပါးသည်ဟု အလားအလာရှိသော ဖောက်သည်အချို့က ယူဆသော်လည်း တခြားနှိုင်းယှဉ်စရာလက်နက်များထက် ဈေးနည်းပါးသောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားက တရုတ်လက်နက်များကို ဝယ်ယူကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly