ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူကို ထပ်တိုးပုဒ်မဖြင့် တရားစွဲရန် စီစဉ်နေကြောင်း စစ်ကောင်စီပြော

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူကို ထပ်တိုးပုဒ်မဖြင့် တရားစွဲရန် စီစဉ်နေကြောင်း စစ်ကောင်စီပြော

(မဇ္ဈိမ)။ ။ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း ထားသော ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တိုရုကုဘိုတာ(Toru Kubota)ကို အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် ထပ်တိုးအမှုဖွင့် တရားစွဲရန် စီစဉ်နေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းက ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် ရှင်းရှင်းလင်းလင်းပဲပြောမယ်။ ကျွန်တော်တို့အနေနဲ့ သူ့ကို အမှုသုံးခုနဲ့ စွဲဖို့လုပ်နေတယ်။ နံပါတ်တစ်အမှုသည် ဗီဇာဖောက်ဖျက်မှု၊ နံပါတ်နှစ်က ၅၀၅ ဆန္ဒပြတဲ့ အထဲမှာပါတယ်။ နံပါတ်သုံးဟာ အီလက်ထရောနစ်အမှု၊ ဒါတရားမစွဲရသေးဘူး” ဟု စစ်ကောင်စီပြောခွင့်ရသူက ပြောသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီက တိုရုကူဘိုတာအား ဗီဇာစည်းမျဉ်းချိုးဖောက်မှု ဥပဒေ ပုဒ်မ ၁၃(၁)၊ ပုဒ်မ ၅၀၅(က)တို့ဖြင့် တရားစွဲထားပြီး အီလက်ထရောနစ် ဥပဒေပုဒ်မဖြင့် ထပ်တိုးတရားစွဲဆိုနိုင်ရန် အမှုကို လေ့လာဆန်းစစ်နေဆဲဖြစ်ကြောင်း ပြောသည်။

အသက် ၂၆ နှစ်အရွယ် တိုရုကူဘိုတာသည် ဇွန်လ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်”ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆန္ဒပြပွဲက အပြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံလိုက်ရခြင်း ဖြစ်သည်။

“လွှတ်ခြင်း မလွှတ်ခြင်းသည် အဲဒီအမှုတွေပြီးမှ ဖြစ်မယ်” ဟု စစ်ကောင်စီပြောခွင့်ရက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး တရားဥပဒေအရ အစီရင်ခံရမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံသား တိုရုကူဘိုတာ ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံ ပြန်လည်ထူထောင်ရေး၀န်ကြီးဌာန ၀န်ကြီးဟောင်းအပါအဝင် ဂျပန်အောက်လွှတ်တော်အမတ် မစ္စတာ ဟီရိုမီချီဝါတာနာဘေးတို့ သြဂုတ်လ ၁၁ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သော်လည်း ထပ်တိုးတရားစွဲဆိုရန် စီစဉ်နေကြောင်း စစ်ကောင်စီဘက်က ပြောဆိုလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီး ရက်ပိုင်းအကြာ ဖေဖော်ဝါရီလထဲတွင် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေတွင် ပါဝင်သော ပုဒ်မတချို့ကို ကြီးလေးသော ပြစ်ဒဏ်များဖြင့် စစ်ကောင်စီက အစားထိုးပြင်ဆင်ခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required