တရုတ်ကွန်မြူနစ်ပါတီ၏ တိဗက်ဘုန်းတော်ကြီး ဂယ်ဆန်နော်ဘူက တိဗက်ဗုဒ္ဓဘာသာကို တရုတ်အသွင် လက္ခဏာသို့ပြောင်းရေးအတွက် လှုပ်ရှားနေ

By Tibet Rights Collectives
16 August 2022
တရုတ်ကွန်မြူနစ်ပါတီ၏ တိဗက်ဘုန်းတော်ကြီး ဂယ်ဆန်နော်ဘူက တိဗက်ဗုဒ္ဓဘာသာကို တရုတ်အသွင် လက္ခဏာသို့ပြောင်းရေးအတွက် လှုပ်ရှားနေ

ပေကျင်းတွင်နေထိုင်သည့် ဘုန်းတော်ကြီး ဂယ်ဆန်နော်ဘူသည် လက်ရှိ နိုင်ငံသမ္မတနှင့် ပါတီအထွေထွေ အတွင်းရေးမှူးချုပ် ရှီကျင့်ဖျင်၏ လက်မှတ်ရေးထိုးလှုပ်ရှားမှုဖြစ်သော တိဗက်ဗုဒ္ဓဘာသာကို တရုတ်လက္ခဏာ အသွင်သို့ပြောင်းခြင်းအတွက် ပါတီမှပေးအပ်သောတာဝန်များကိုဆောင်ရွက်ရင်း အလုပ်များလျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနက ဩဂုတ် ၈ ရက်တွင် ဖော်ပြသည်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်း ဒုတိယဥက္ကဋ္ဌ ဂယ်ဆန်နော်ဘူသည် တိဗက်ဗုဒ္ဓဘာသာတရားတော်များဆိုင်ရာအတွေ့အကြုံ မျှဝေခြင်းနှင့် တိဗက်ဗုဒ္ဓဘာသာအယူဝါဒဆိုင်ရာ နှီးနှောဖလှယ်ပွဲအပါအဝင် အစည်းအဝေးများစွာတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

နော်ဘူသည် ညင်မာ၊ ဆက်ယာ၊ ကက်ယူနှင့် ဂယ်လက်စသည့် တိဗက်ဗုဒ္ဓဘာသာကဏ္ဍအသီးသီးမှ ထင်ရှားသောဘုန်းတော်ကြီးများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှုရေးသိပ္ပံနှင့် တိဗက်တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်များ အသိပညာရှင် များနှင့် တိဗက် ဗုဒ္ဓဘာသာအကယ်ဒမီမှ ကထိကများနှင့်လည်း ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဂယ်ဆန်နော်ဘူသည် ၂၅ နှစ်ကြာ ကျမ်းဂန်လေ့လာပြီးနောက် ၂၀၂၁ ခုနှစ်တွင် ခေတ်သစ်ပညာရေး ပါရဂူဘွဲ့နှင့်ညီမျှသော ဂယ်လက်တိဗက်ဗုဒ္ဓဘာသာအဆုံးအမများဆိုင်ရာ အမြင့်ဆုံးဘွဲ့ကို ရရှိခဲ့သည်။

သူသည် တရုတ်ကခန့်အပ်ထားသော ပန်ချန်လားမားတစ်ဦးလည်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ် ၂ ရက်က နီစီရီတောင်ခြေရှိ တာရှီလန်ပိုဘုန်းတော်ကြီးကျောင်းသို့လည်း သွားရောက်ခဲ့သည်။

နော်ဘူသည် ပြီးခဲ့သည့်လက ဆန်ဒင်ဘုန်းတော်ကြီးကျောင်းနှင့် လိုကန်မြို့သို့လည်း သွားရောက်ခဲ့ကာ တိဗက်ဗုဒ္ဓဘာသာကို တရုတ်လက္ခဏာအသွင်သို့ပြောင်းခြင်းဆိုင်ရာသင်ခန်းစာများကိုလည်း ပို့ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required