စက်သုံးဆီ ပြတ်လပ်မှုမရှိဟုဆိုသော်လည်း မန္တလေးတွင်စက်သုံးဆီဝယ်ယူရန်တန်းစီနေရဆဲ

စက်သုံးဆီ ပြတ်လပ်မှုမရှိဟုဆိုသော်လည်း မန္တလေးတွင်စက်သုံးဆီဝယ်ယူရန်တန်းစီနေရဆဲ

ဩဂုတ်လ ၁၆ ရက်

စက်သုံးဆီပြတ်လပ်မှုမရှိကြောင်း စစ်ကောင်စီဘက်မှပြောသော်လည်း၊ မန္တလေးမြို့တွင် ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းအထိ စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူနေရသည်ကို မြင်တွေ့ရသည်။

စျေးနှုန်းအဆမတန်တိုးမြှင့်ရောင်းချနေသော ဆိုင်များရှိသော်လည်း လိုသလောက်ဝယ်ယူခွင့် မရ၍ ယခုကဲ့သို့ တန်းစီယာဉ်တန်းများဖြစ်ပေါ်နေခြင်းဟု ယနေ့ စက်သုံးဆီဝယ်ယူခဲ့ကြသူများက ပြောသည်။

“နှစ်သောင်းဖိုးပဲထည့်ပေးတဲ့ဆိုင်ကများတယ်၊ မြို့သစ်ဘက်ကဆိုင်တွေကျတော့ စျေးနှုန်းကို မတန်တဆယူတယ်၊ ဥပမာဗျာ ၉၂ ကို ၂,၈၅၀ ယူတယ်၊ တချို့ဆိုင်တွေ သုံးထောင်ကျော်ယူတယ်၊ ဒါ လမ်းဘေးဆိုင်တွေ မဟုတ်ဘူးနော်၊ ပန့်ဆိုင်တွေကိုပြောနေတာ၊ တိုင်ရင် အရေးယူမယ်သာ ပြောနေတာ ပေါင်းစားနေတာတွေချည်းပဲ” ဟု မြို့ခံအငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ဒေါ်လာငွေလဲနှုန်း တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်သို့တိုးမြှင့်သတ်မှတ်လိုက်ပြီးနောက်ပိုင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ဆက်လက်မြှင့်တက်နေသည်မှာ ယနေ့နှင့်ဆိုပါက တစ်ပတ်ခန့်ရှိပြီလည်း ဖြစ်သည်။

“ မန္တလေးမှာ ဆီမှောင်ခိုစျေးကွက်ပေါ်လာတယ်၊ ဆီဆိုင်တွေနဲ့ပေါင်းပြီးလုပ်စားကုန်ကြပြီ၊ ဆီသိုလှောင်ရောင်းချတာကို တရားဝင်လိုလုပ်နေကြတယ်၊ စစ်အုပ်ချုပ်ရေးမှာ ကောင်းလာတာ ဘာတစ်ခုမှမရှိဘူး ” ဟု မန္တလေးမြို့ ခံစာရေးဆရာတစ်ဦးက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီးမှ စက်သုံးဆီပြတ်လပ်မှုမရှိကြောင်း၊ စျေးနှုန်းမှန်ကန်ရေးနှင့် ဆီပြတ်လပ်မှုမရှိစေရေး ကြပ်မတ်ထားကြောင်း၊ အရောင်းရပ်ထားသူများနှင့် အကန့်အသတ်ဖြင့် ရောင်းချသူများကိုလည်း အရေးယူမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly