ရမ်းသန်းပစ်ခတ်နေသည့် ရွာသာယာကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရမ်းသန်းပစ်ခတ်နေသည့် ရွာသာယာကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ဩဂုတ်လ ၁၆ ရက်

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်ရွာသာယာကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Adventure – A.S.D ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်း၊ ဧရာဝတီမြစ်ဘေးတွင် တည်ရှိသည့် ရွာသာယာကျေးရွာမှ စစ်ကောင်စီတပ်က မြစ်အနောက်ဖက်ကမ်း စစ်ကိုင်းတိုင်းအတွင်းကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေသည့် အတွက် ယမန်နေ့ သြဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပ်ိုင်းတွင် ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ဒီကောင်တွေက မနေ့က မနက် ၉ နာရီခွဲလောက်မှာ လက်နက်ကြီးတွေနဲ့ မြစ်အနောက်ဖက်ကို ရမ်းသန်းပစ်နေတာ၊ အဲ့ဒါကြောင့် နေ့လယ်ပိုင်းမှာ ခွေး(စစ်ကောင်စီတပ်)တွေနဲ့ ပျူခေါင်းဆောင် အောင်မင်းရဲ့ နေအိမ်မလှမ်းမကမ်းခြံထဲမှာ ကင်းပုန်းချပြီး ပျူသင်တန်းပေးနေတဲ့ နေရာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ ” ဟု Adventure – A.S.D ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကြက်တူရွေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မှော်ဦးကျေးရွာနှင့် ရေလေမောရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ရှိခဲ့သော်လည်း အထိအခိုက်မရှိခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

စဉ့်ကူးမြို့နယ်ရှိ ရွာသာယာရွာသည် ပျူစောထီးအားကောင်းသည့် ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက် အလက် ၂၀ ကျော် တပ်ဆင်ပေးထားကာ ကျေးရွာသားများကို ပျူသင်တန်းပို့ချမှုများ ရှိနေကြောင်း သိရသည်။

“ မနေ့က တိုက်ခိုက်မှုမှာ သုံးယောက် ထိတယ်ကြားတယ်၊ ပျူရွာဖြစ်နေတော့ စုံစမ်းရာမှာ အခက်အခဲ တချို့ရှိနေတယ်၊ အခုတော့ သူတို့ဘက်က အင်အားတိုးပြီး ဒီဘက်ကို အလုံးအရင်းနဲ့ စစ်ကြောင်းထိုးမယ်ဆိုပြီး ကြားနေတယ်၊ အခုလည်း မြစ်ထဲက လှေတွေ မော်တော်တွေ ဖြတ်သန်းသွားလာတာတွေကို မဲမဲမြင်ရာ PDF တွေ ထင်ပြီးတော့ ပစ်နေတယ်၊ မြေပြင်မဟုတ်ဘဲ မော်တော်နဲ့ဆိုတော့ ဘယ်အချိန် စစ်ကြောင်းထိုးမလဲဆိုတာတော့ ခန့်မှန်းလို့မရဘူး၊ အခုလာမယ်ဆိုရင် အခုတက်လာလို့ ရတာပေါ့။ ” ဟု Bo Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောသည်။

တိုက်ခိုက်မှုကို Bo Tiger - ဗိုလ်ကျားကြီးတပ်ဖွဲ့၊ တောကြီးမြွေပွေးတပ်ဖွဲ့၊ GZ တပ်ဖွဲ့နှင့် Adventure – A.S.D ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရွာသာယာရွာတွင်ရှိသည့် စစ်ကောင်စီတပ်က ဇီးကုန်းကျေးရွာနှင့်ကြက်တူရွေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် သွားရောက်ပူးပေါင်းကာ အင်အား ၁၀၀ ကျော်ခန့်ဖြင့် ကြက်တူရွေးကျေးရွာတွင် ရှိနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“ ပြည်သူတွေကိုတော့ ဘေးလွတ်ရာမှာ နေပေးဖို့ ပြောချင်တယ်၊ စစ်ကြောင်းထိုးလာရင် ကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်မှုတွေ လုပ်တဲ့အခါ ပြည်သူတွေရှိနေရင် ထိခိုက်မှုဖြစ်မှာစိုးလို့ လွတ်ရာမှာ ရှောင်နေပေးဖို့ မေတ္တာရပ်ခံချင်ပါတယ် ” ဟု ဗ်ိုလ်ကျားကြီးက ပြည်သူများကို မေတ္တာရပ်ခံထားသည်။

လက်ရှိအချိန်တွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly