စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုမှ လွတ်ကင်းနိုင်ရန် ကရင်နီကလေးငယ်များ ဆုတောင်း (ရုပ်သံ)

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုမှ လွတ်ကင်းနိုင်ရန် ကရင်နီကလေးငယ်များ ဆုတောင်း (ရုပ်သံ)

ဩဂုတ်လ ၁၅ ရက်

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့နယ်တွင် စစ်ကောင်စီ၏ပြင်းထန်သော လေကြောင်း တိုက်ခိုက်မှုများကြောင့် ဗုံးခိုကျင်းအတွင်း ပုန်းခိုနေရသော ကရင်နီကလေးငယ်များမှ အသက်အန္တရာယ် ဘေးကင်းရေးအတွက် ဆုတောင်းမှုများပြုလုပ်နေကြခြင်းဖြစ်သည်။

ဩဂုတ်လ ၉ ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ရှမ်း-ကရင်နီနယ်စပ်ရှိ လွိုင်လင်လေးမြို့နယ်၊ ဒေါပါပါး ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ကဂျက်လေယာဉ်ဖြင့် သုံးကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

အဆိုပါ ရုပ်သံဖိုင်ကို Free Burma Rangers တပ်ဖွဲ့မှ ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်လာ ခြင်းဖြစ်သည်။

ရိုက်ကူးထားသော ရုပ်သံဖိုင်တွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်နေသည့် အသံများကိုကြားနေရပြီး အသက် ၁၀ နှစ်ဝန်းကျင် အရွယ်အများစုပါဝင်သော ကျောင်းသား၊ ကျောင်းသူ များမှ ဗုံးခိုကျင်းအတွင်း ဆုတောင်းမှုများကိုရွတ်ဆိုခဲ့ကြခြင်းဖြစ်သည်။

အရပ်သားများကိုပစ်မှတ်ထားသော စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေါပါပါးကျေးရွာရှိ ဆေးပေးခန်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးကာ နှစ်ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ကလည်း ဩဂုတ်လ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပြီး မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့အခြေစိုက် (၂၅၀) အမြောက်တပ်မှလည်း လက်နက်ကြီးများဖြင့် ဒေါပါပါးကျေးရွာသို့ ထပ်မံပစ်ခတ်ခဲ့သည်ဟု KNDF ထံမှ သိရသည်။

ဒေါပါပါးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ကျေးရွာအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအနေဖြင့် ဆယ်စုနှစ်နှင့်ချီ ဖြစ်ပွားနေသော ပြည်တွင်း စစ်မီးသည် တကျော့ပြန်အရှိန်တောက်လောင်ခဲ့ပြီး လူပေါင်းများစွာဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ် ။ ။ စောဖေ

Video- Free Burma Rangers

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly