မအူဂိတ် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ၍ ၆ယောက် သေဆုံး

By ပါခွီး
15 August 2022
မအူဂိတ် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ၍ ၆ယောက် သေဆုံး

မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ မုံရွာ - မန္တလေး ကားလမ်းပေါ်ရှိ တပ်စွဲထားသော မအူဂိတ် ကို ပြောက်ကျားစစ်ဆင်ရေးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ယောက်ထက်မနည်း သေဆုံး ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း မုံရွာခရိုင် ပြည်ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) မှ ထုတ်ပြန်သည်။

“ကျနော်တို့ အနီးကပ်ဝင်တိုက်ခဲ့တာ ထိခိုက်သေဆုံးတာ အခုထက်ပိုများနိုင်တယ် ရင်ပေါင်တိုင်ဘက်ကို ဖိနေတော့ ကျနော်တို့ကလည်း ဒီဘက်ကနိုင်သလောက် တိုက်ကွက်ဖော်ခဲ့တာဖြစ်တယ်” ဟု Chindwin Attack Force တာဝန်ရှိသူတစ်ဦးမှ မဇ္စျိမကိုပြောသည်။

ဩဂုတ်လ ၁၅ရက် နံနက် ၂နာရီ အချိန်မှ စပြီး ပွိုင့်နှစ်နေရာခွဲပြီး အင်အား ၂၀ကျော်ခန့် ရှိသော မအူဂိတ်အား ၄၅မိနစ်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ ၄၀မမ ၊ စက်လတ်များ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်သော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား မုံရွာခရိုင်ပြည်ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ တပ်ရင်း (၄) ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys) ၊ တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ တပ်ရင်း (၄) ၏ အထူးစုံစမ်းစစ်ဆင်ရေးအဖွဲ့ ၊ တပ်ရင်း (၂) တပ်ခွဲ (၂) Monywa Special ဒိတ်ဒိတ်ကြဲ PDF ၊ တပ်ရင်း (၂) တပ်ခွဲ (၃) အနောက်မြောက် လွင်ပြင်တော်လှန်ရေးအင်အားစု (Northwest Plains Revolutionary Forces-NPRF) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၁၂ရက်နေ့ကလည်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို လက်လုပ်လက်နက်ကြီးများဖြင့် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Chindwin Attack Force) တပ်ရင်း (၂) တပ်ခွဲ (၄) Fight For People (FFP) နှင့် Future Star – LPDF ၊ Cobra Special Force (CSF – LPDF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး အထိအခိုက်များစွာရှိခဲ့ကြောင်း တပ်တွင်းသတင်းပေးထံမှ တစ်ဆင့် ပြန်လည်သိရှိရကြောင်း ထုတ်ပြန်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီ

#မုံရွာမြို့နယ်

#PDF

#သေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly