“ဆရာစံခွန်အားနဲ့ သာယာဝတီနယ်သားတို့ကမယ့်ပွဲ” ရန်ပုံငွေ မဲလက်မှတ် ၂ ပတ်အတွင်း ၆,၀၀၀ ကျော် ရောင်းရ

“ဆရာစံခွန်အားနဲ့ သာယာဝတီနယ်သားတို့ကမယ့်ပွဲ” ရန်ပုံငွေ မဲလက်မှတ် ၂ ပတ်အတွင်း ၆,၀၀၀ ကျော် ရောင်းရ

ဩဂုတ်လ ၁၄ ရက်

တောင်ကိုရီးယားနိုင်ငံ၊ ဂူမိမြို့ရှိ အာသောကသုခအဖွဲ့နှင့် Rise Again Myanmar (RAM) တို့မှ ဦးဆောင်၍ “ဆရာစံခွန်အားနဲ့ သာယာဝတီနယ်သားတို့ ကမယ့်ပွဲ” ခေါင်းစဥ်ဖြင့် ကံစမ်းမဲလက်မှတ်ရောင်းချကာ တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေလျှက်ရှိကြောင်း သိရသည်။

လက်မှတ်များကို ဩဂုတ်လ ၁ ရက်နေ့မှစ၍ ရောင်းချခဲ့ပြီး နှစ်ပတ်အတွင်း အစောင်ရေ ၆,၀၀၀ ကျော် ရောင်းချထားပြီးဖြစ်သည်။

မဲလက်မှတ်ဝယ်ယူသူများထဲမှ ပထမဆုကို ဆရာစံပန်းချီကား၊ ဒုတိယဆု iphone 13 pro၊ တတိယဆု Lenovo V40-82C လက်တော့ပ်၊ စတုတ္ထဆု Airpods 3 နှင့် နှစ်သိမ့်ဆုများအဖြစ် နွေဦးတော်လှန်ရေး စာသား ဟန်းချိန်း သုံးခု၊ ဆွဲကြိုးနှစ်ခု၊ ဂီတာစသည်များ မဲဖောက်ရွေးချယ်ကာ ပေးအပ်သွားမည် ဖြစ်သည်။

“ အထူးသဖြင့် စကစ(စစ်ကောင်စီ)ကို အမြစ်ဖြုတ်ချေမှုန်းချင်တယ်ဆိုလို့ရှိရင် ဘုန်းဘုန်းတို့ ထောက်ပံ့ ရေးဟာ အဓိကဖြစ်ပါတယ်။ ဒါကြောင့် များများထောက်ပံ့နိုင်အောင် တော်လှန်စိတ်အပြည့်နဲ့ ဆရာစံ ခွန်အားနဲ့ သာယာဝတီနယ်သားတို့ ကမယ့်ပွဲ ဆိုတဲ့ ကံစမ်းမဲလက်မှတ်လေးတွေ တစ်စောင်မှ တစ်သောင်းပဲရှိပါတယ်"ဟု တောင်ကိုရီးယားနိုင်ငံရှိ ဒယ်ဂူးဘုန်းဘုန်းမှ နှိုးဆော်ထားသည်။

မဲလက်မှတ် တစ်စောင်လျှင် မြန်မာငွေ ကျပ် ၅၀၀၀၊ ကိုရီးယားငွေ ဝမ် တစ်သောင်း၊ ထိုင်းငွေ ဘတ် ၁၀၀၊ မလေးရင်းဂစ် ၁၅၊ စင်ကာပူဒေါ်လာ ၁၀၊ ဂျပန် ယန်း ၁၀၀၀၊ ကန်ဒေါ်လာ ၁၀ အသီးသီးသတ်မှတ်ကာ ရောင်းချလျှက်ရှိသည်။

အဆိုပါဝယ်ယူထားသည့်လက်မှတ်များကို စက်တင်ဘာလ ၄ ရက်နေ့တွင် မဲနှိုက်ရွေးချယ်ကာ ပေါက်မဲ များအား ကြေညာပေးသွားမည် ဖြစ်သည်။

လက်မှတ်ရောင်းချရာမှ ရရှိသည့် ရန်ပုံငွေများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ဘေးသင့် ပြည်သူများထံ ခွဲဝေထောက်ပံ့သွားမည်ဖြစ်ကြောင်း ဒယ်ဂူးဘုန်းဘုန်းမှ ပြောဆိုထားသည်။

မဲလက်မှတ်ဝယ်ယူလိုသူများအနေဖြင့် Rise Again Myanmar - Korea၊ We Love Motherland - Korea နှင့် Gumi South Korea အာသောကသုခအဖွဲ့ လူမှုကွန်ဂရက်စာမျက်နှာသို့ စာပေးပို့ကာ ဝယ်ယူနိုင်ကြောင်း သတင်းစကားပါးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly