ကမ္ဘာ့ပြည်သူတို့၏ တာဝန်သိစိတ်က တိဗက်ယဉ်ကျေးမှုအတွက် အကြီးမားဆုံးပံ့ပိုးမှုဟု ဟောလိဝုဒ်ကြယ်ပွင့် ရစ်ချတ်ဂီယာ ပြော

12 August 2022
ကမ္ဘာ့ပြည်သူတို့၏ တာဝန်သိစိတ်က တိဗက်ယဉ်ကျေးမှုအတွက် အကြီးမားဆုံးပံ့ပိုးမှုဟု ဟောလိဝုဒ်ကြယ်ပွင့် ရစ်ချတ်ဂီယာ ပြော

တိဗက်ဒေသမှ ၁၄ ဆက်မြောက် ဒလိုင်းလားမား၏ ကမ္ဘာလုံးဆိုင်ရာတာဝန်ယူမှုအယူအဆသည် လူသားတိုင်း ထမ်းဆောင်ရမည့် ကမ္ဘာ့တာဝန်တစ်ရပ်ဖြစ်ကြောင်းနှင့်   တိဗက်ယဉ်ကျေးမှုအတွက် အကြီးမားဆုံး ပံ့ပိုးမှုဖြစ် ကြောင်း ယခုလအစောပိုင်းက အိန္ဒိယနိုင်ငံရှိ အဝေးရောက်တိဗက်အစိုးရရုံးစိုက်ရာနေရာ၌ ဒလိုင်းလားမား၏ ၈၇ နှစ်မြောက် မွေးနေ့ပွဲတွင် အထူးဧည့်သည်တော် ဟောလိဝုဒ်မင်းသား ရစ်ချတ်ဂီယာက ပြောကြားလိုက်သည်။
 
“ဒါဟာ ကမ္ဘာကြီးအတွက် စကြာဝဠာအတွက် အရေးကြီးပါတယ်။ တိဗက်လူမျိုးတွေက ဘုရားလောင်း တစ်ဦးရဲ့စံနှုန်းတွေကို ပုံရိပ်မြှင့်တင်ပေးနိုင်တဲ့အရာဟာ ကမ္ဘာလုံးဆိုင်ရာ တာဝန်သိစိတ်ဖြစ်ပါတယ်” ဟု ရစ်ချတ်ဂီယာက မှတ်ချက်ပြုကြောင်း Tibet Rights Collective ၌ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာတာဝန်ယူမှုအယူအဆသည် တိဗက်ယဉ်ကျေးမှုအတွက် အကြီးမားဆုံး ပံ့ပိုးမှုဖြစ်ကြောင်းနှင့် လူသားများသည် တိဗက်ယဉ်ကျေးမှုမှ ဆင်းသက်လာသော တန်ဖိုးထားမှုများမှ အကျိုးအမြတ်များ ရရှိနိုင်သည်ဟု ၎င်းက ယုံကြည်ထားသည်။

ကျန်ကမ္ဘာ့နိုင်ငံများသည် ဘုန်းတော်ကြီးဒလိုင်းလားမားနှင့် တိဗက်ယဉ်ကျေးမှုမှ သင်ခန်းစာများ ရယူနိုင်ခြင်း သည် အရေးပါဆုံးသော တန်ဖိုးဖြစ်ကြောင်းနှင့် အချင်းချင်း အပြန်အလှန်ဆက်နွှယ်မှုနှင့် တာဝန်ဝတ္တရားများ၏ လေးနက်သော အသိတရားကို နားလည်သဘောပေါက်ခြင်းဖြင့် ရရှိနိုင်ကြောင်း ရစ်ချတ်ဂီယာက ဆိုသည်။

တရုတ်အစိုးရသည် လူ့အခွင့်အရေး လှုပ်ရှားသူများ သို့မဟုတ် နိုင်ငံတွင်း ဒီမိုကရေစီကို ထောက်ခံအားပေး သူတိုင်းကို အမြဲတစေ ပစ်မှတ်ထားသည်။

သို့သော် ဟောလိဝုဒ်မင်းသား ရစ်ချတ်ဂီယာသည် အာဏာရှင်ကို အမြဲ ဆန့်ကျင်ပြီး တိဗက်လွတ်လပ်ရေးနှင့် ဗုဒ္ဓဘာသာကျင့်စဉ်များ၏ တန်ဖိုးဆိုင်ရာ အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလျက် ခြိမ်းခြောက်မှုများနှင့် တားမြစ်ပိတ်ပင်မှုများ ရင်ဆိုင်ရသည့်အခါတွင်လည်း သဘောထားပြောင်းလဲရန် ငြင်းဆန်ခဲ့သည်။ 

ရစ်ချတ်ဂီယာသည် ၁၉၈၇ ခုနှစ်တွင် တိဘက်အနုပညာ၊ ယဉ်ကျေးမှုနှင့် ဒဿနိကဗေဒကို ထိန်းသိမ်း စောင့်ရှောက်သော  အမေရိကန်ရှိ တိဗက်အိမ်တော်အဖွဲ့ကို ပူးတွဲတည်ထောင်သူနှင့် ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် တိဗက်ရေးရာနိုင်ငံတကာလှုပ်ရှားမှု၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ သူသည် ၁၉၉၅ ခုနှစ်မှ စတင်ကာ ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 


နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly