သူရဦးရွှေမန်းပြည်သူများထံမှ အကြံဉာဏ်တောင်း

သူရဦးရွှေမန်းပြည်သူများထံမှ အကြံဉာဏ်တောင်း

ရန်ကုန်၊ဖေဖော်ဝါရီ ၁၈ ။           ။ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် အနေဖြင့် နိုင်ငံနှင့်နိုင်ငံသားတို့၏ အကျိုးစီးပွား အတွက်ကိုသာ အဓိကထားဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပြည်သူအားလုံးပါဝင်ပြီး အကြံဉာဏ်များပေးကြရန် ယင်းကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းထားလိုက်သည်။

ယခုအချိန်အခါနှင် အခြေအနေသည် ပါတီအဖွဲ့အစည်းအကျိုးနှင့် ကိုယ်ကျိုးစီးပွားထက် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ရမည့် အချိန်အခါလည်းဖြစ်နေကြောင်း သူရဦးရွှေမန်းက ဆိုသည်။

၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၅ရက်နေ့ကပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တစ်ရပ်ကို အဖွဲ့ဝင် ၂၃ဦးဖြင့် ဖွဲ့စည်းကား ကော်မရှင်ဥက္ကဌရာထူးကို သူရရွှေမန်းအား ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကော်မရှင်သည်  ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဖြစ်ပြီး ကော်မရှင်၏ သက်တမ်းမှာ စဖွဲ့သည့်နေ့မှစ၍ တစ်နှစ်ဖြစ်ပြီး လုပ်ငန်းတာဝန်လိုအပ်ချက်အရ တစ်နှစ်ပြည့်ပြီးသော်လည်း သက်တမ်းတိုးခွင့်ရှိကာ အဖွင့်ဝင်များကိုလည်း သင့်လျော်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

ကော်မရှင်၏ လုပ်ပိုင်ခွင့်အနေဖြင့်

(က) တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ပယ်ဖျက်ရေး၊အသစ်ပြဌာန်းနိုင်ရေးတို့ကို လွှတ်တော်ဥက္ကဌထံမှ တဆင့် လွှတ်တော်သို့ တင်ပြရမည်။

(ခ) အထူးကိစ္စရပ်များပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့် ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ပြီး လွှတ်တော်ဥက္ကဌထံမှတဆင့် လွှတ်တော်သို့ အစီရင်ခံတင်ပြရပါတယ်။

(ဂ) လွှတ်တော်ဥက္ကဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက် ရမည်။

(ဃ) လွှတ်တော်ဥက္ကဌက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ်ဆောင်ရွက်ရမည်။

(င) လွှတ်တော်ဥက္ကဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံသည့်အခါ အကြံဉာဏ်ပေးရမည်။

ယင်းအပြင် ကော်မရှင်သည် လုပ်ငန်းနှင့် ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့် အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။

ကော်မရှင်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်ရှိသည်။

ကော်မရှင်သည် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် အပေါ်မူတည်၍ လုံခြုံမှုအဆင့်အတန်းကို သတ်မှတ်ဆောင်ရွက်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly