လူမှုမီဒီယာကို ခံတပ်လိုသုံးပြီး ပုန်းအောင်းဝါဒဖြန့်နေတဲ့ စစ်ကောင်စီလော်ဘီအကောင့်တွေရဲ့ ကြိုးကိုင်လှုပ်ရှားသူတွေကို ခြေရာခံခြင်း (၂)

လူမှုမီဒီယာကို ခံတပ်လိုသုံးပြီး ပုန်းအောင်းဝါဒဖြန့်နေတဲ့ စစ်ကောင်စီလော်ဘီအကောင့်တွေရဲ့ ကြိုးကိုင်လှုပ်ရှားသူတွေကို ခြေရာခံခြင်း (၂)

ပထမဆုံးရေးသားခဲ့တဲ့ဆောင်းပါးမှာ စစ်ကောင်စီလော်ဘီTelegram Channel တွေဟာ တစ်ဦးတစ်ယောက်တည်းက အကြောင်းအရာဖြန့်ဝေတယ်လို့ ထင်ရအောင် ပြုမူပေမယ့် သူတို့ဖြန့်ဝေတဲ့ ပမာဏကိုကြည့်ရင် တစ်ဦးတစ်ယောက်တည်းက ၂၄ နာရီအတွင်း ဖြန့်ဝေနိုင်တဲ့ပမာဏ မဖြစ်နိုင်ကြောင်း သက်သေပြ ရေးသားခဲ့ပြီးဖြစ်ပါတယ်။ ဒုတိယဆောင်းပါးမှာတော့ လော်ဘီ Channel တွေရဲ့ နောက်ကွယ်က ပုဂ္ဂိုလ်တွေ အကြောင်းနဲ့ သူတို့ အချင်းချင်း ချိတ်ဆက်မှု အကြောင်းကို ဖော်ထုတ်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ သူတို့ ဖြန့်ဝေတဲ့ ပမာဏ၊ ပို့စ်တင်တဲ့အချိန်နဲ့ သူတို့ အချင်းချင်း စုဖွဲ့မှု ကွင်းဆက်တွေကို ဆက်လက်နှိုင်းယှဉ်လေ့လာသွားပါမယ်။ ဒီလိုလေ့လာတဲ့နေရာမှာ Channel တစ်ခုရဲ့ နောက်မှာ တစ်ဦးတစ်ယောက်တည်း ရှိတယ်လို့ ထင်ရအောင် (သို့မဟုတ်) လူတစ်ယောက်တည်းက Channel တစ်ခုစီကိုပဲ သီးသန့်ထိန်းချုပ်ထားတယ်လို့ ထင်ရအောင် အမည်ခံ လှည့်စားပြီး နောက်ကွယ်က အစုအဖွဲ့လိုက် အကွက်ကျလှုပ်ရှားမှု၊ လော်ဘီ Channel တွေကြည့်ရှုနှုန်းပိုများစေတဲ့အကြောင်းအရင်းနဲ့ လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်လှုပ်ရှားမှုနှင့်ပတ်သက်တဲ့ ၉၆၉ ဂဏန်းတွေဆင်တူပြောင်းလဲထားရှိတဲ့အပြုအမူတွေကို ထည့်သွင်းဖော်ပြဖို့ ရှိပါတယ်။

တစ်ဦးတစ်ယောက်တည်းဟု ထင်ရအောင် အမည်ခံ၍ အစုအဖွဲ့လိုက် အကွက်ကျလှုပ်ရှားမှု
 
Channel တစ်ခုရဲ့ နောက်မှာ တစ်ဦး တစ်ယောက်တည်း ရှိတယ်လို့ ထင်ရအောင် လှုပ်ရှားတယ်ဆိုတာက Channel တစ်ခုတည်းကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ နာမည်တစ်ခုနဲ့ ဖန်တီးလိုက်ပြီး ဒီပုဂ္ဂိုလ်(ဥပမာ ကိုခန့်၊ ဟန်ငြိမ်းဦး၊ ဘညွန့်၊ ကျော်စွာ၊ သဇင်ဦး) တစ်ဦးတည်းက Channel ကို ထိန်းချုပ်ပြီး အကြောင်းအရာဖြန့်ဝေတယ်လို့ ထင်ရအောင် ပြုလုပ်တာပဲ ဖြစ်ပါတယ်။

Ko Khant Channel မှ တစ်နေ့တာ ပျမ်းမျှ ဖြန့်ဝေသည့် အကြောင်းအရာ အရေအတွက်ပြအချက်အလက် ( မေ ၁၂ ရက် ၂၀၂၂ တွင် ကောက်ယူထားသည့် အချက်အလက်)

Facebook ပိုင် Crowdtangle tool က တွက်ချက်ပေးထားသည့် မီဒီယာများတစ်နေ့လျှင်တင်လေ့ရှိသည့် ပျမ်းမျှပိုစ့် စုစုပေါင်း (မေ ၁၂ ရက် ၂၀၂၂ အထိ ကောက် ယူ ထားသည့် အချက်အလက်)

Mainstream Media တွေတောင် တစ်နေ့တာ ပျမ်းမျှ တင်တဲ့ ပိုစ့်အရေအတွက်က ၈၀ ကျော်ပဲ ရှိနေပေမယ့် တချို့ Telegram Channel တွေမှာ တစ်နေ့တင်တဲ့ ပိုစ့် ပျမ်းမျှအရေအတွက် ၁၀၀ ကနေ ၂၀၀ ဝန်းကျင်အထိ ရှိနေပါတယ်။ဒါပေမယ့် သူတို့ရဲ့ Channel တွေကို လူတစ်ဦးတစ်ယောက်တည်းက ထိန်းချုပ်နေတယ်လို့ မှတ်ယူခံရ ဖို့ လူပုဂ္ဂိုလ်တစ်ဦးတည်းရဲ့ နာမည်နဲ့ လှုပ်ရှားလေ့ရှိပါတယ်။  Ko Khant ဆိုတဲ့ စစ်ကောင်စီ လော်ဘီ Channel ကို ရွေးချယ်လေ့လာကြည့်တဲ့အခါ သူ့ရဲ့တစ်နေ့တာ ပျမ်းမျှတင်တဲ့ ပိုစ့် အရေအတွက်က ၁၈၀ ရှိနေတာကြောင့် နောက်ကွယ်မှာ ထိန်းချုပ်သူတစ်ယောက်တည်း မဟုတ်နိုင်ကြောင်း စဉ်းစားစရာဖြစ်လာပါတယ်။ ဖြစ်နိုင်ချေကတော့ အဲ့ဒီ Channel တွေရဲ့ နောက်ကွယ်မှာ အဖွဲ့လိုက် လှုပ်ရှားမှု ၊ ငွေကြေးထောက်ပံ့မှု တွေ ရှိနိုင်ကြောင်း လေ့လာတွေ့ရှိပါတယ်။ အဲ့ဒီအပြင် Admin တစ်ဦး ထက် ပိုပြီး ကိုင်တွယ်ထိန်းချုပ်နေတဲ့ အထောက်အထားတွေ လည်း ရထားပါတယ်။

လူတစ်ယောက်က Channel တစ်ခုစီကိုပဲ သီးသန့်ထိန်းချုပ်ထားတယ်လို့ ထင်ရအောင် အမည်ခံ လှည့်စားတယ်ဆိုတာကတော့ လူတစ်ယောက်တည်းရဲ့နာမည်နဲ့ Channel တစ်ခုတည်းကိုပဲ ထိန်းချုပ်သလို အယောင်ပြပြီး တခြား ဆင့်ပွား Channel တွေကိုပါ တွဲဖက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ Myanmar Hard Talk channel နဲ့ Han Nyein Oo channel တို့ Admin အတူတူဖြစ်နေပြီး ပူးတွဲထိန်းချုပ်တဲ့ ဥပမာ၊ Kyaw Swar က Thazin Oo channel ကိုထိန်းချုပ်ထားတဲ့ ဥပမာ ၊ ကိုသက် က Banyunt Channel ကို ပူးတွဲ ထိန်းချုပ်နေတဲ့ ဥပမာတွေကို ဒီဆောင်းပါးမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ 

အဲ့ဒီ ဆောင်းပါရဲ့ အဆုံးသတ်အပိုင်းမှာ တပ်ကြပ်ကြီးဖိုးစီ ဆိုတဲ့ လော်ဘီ Channel က အကြောင်းအရာ တွေကို Forward(တိုက်ရိုက်ဝေမျှမှု) လုပ်တဲ့အပြုအမူ(အချိန်တူညီမှု) ကနေတစ်ဆင့် သာမန်လူတစ်ယောက်နာမည်သုံးပြီး ဖြန့်ဝေတဲ့ဗျူဟာကို ဖော်ထုတ်ခဲ့ပါတယ်။ ဒီတစ်ခေါက် လေ့လာမှာက ဒီလို Forward(တိုက်ရိုက်ဝေမျှမှု) လုပ်တဲ့ အပြုအမူကို အသုံးပြုပြီး နာမည်ကြီး လော်ဘီ Channel တွေ နဲ့ တခြား Channel တွေ ဘယ်လို ဆက်စပ်နေလဲ ၊ နာမည်ကြီး လော်ဘီတွေက ဆင့်ပွား  Channel တွေကို ဘယ်လိုထိန်းချုပ်နေလဲ ဆိုတာ နဲ့ ဒီချိတ်ဆက်မှုတွေရဲ့ နောက်ကွယ်မှာ ရှိနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဆက်စပ်ဖော်ထုတ်ပါမယ်။

သုတ်သင်ရေးသမားတွေရဲ့ Telegram Channel ကို စစ်တပ်လော်ဘီ Kyaw Swar ပူးတွဲထိန်းချုပ် နေတယ်ဆိုတဲ့ အထောက်အထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီထောက်ခံသူတွေနဲ့ အာဏာရှင်ဆန့်ကျင်သူတွေ ကို ပစ်မှတ်ထား အကြမ်းဖက်သုတ်သင်တဲ့ သွေးသောက်ဆိုတဲ့ အဖွဲ့ဟာ ၂၀၂၂ခုနှစ် ဧပြီလ နှောင်းပိုင်းမှာ စပြီးထွက်ပေါ်ခဲ့ပါတယ်။ သူတို့ ရဲ့ အကြောင်းပြ ချက်ကတော့ NUG နဲ့ PDF တို့ ရဲ့ လုပ်ရပ်တွေကို တုန့်ပြန်တဲ့အနေနဲ့ ပြန်လုပ်ဆောင်တာ ဖြစ်တယ်လို့ စစ်ကောင်စီ လော်ဘီတွေရဲ့ သတင်းထုတ်ပြန်ရေးလမ်းကြောင်းတွေက တစ်ဆင့် ပြောပြထားပါတယ်။ သွေးသောက် အဖွဲ့ထွက်ပေါ်လာမှုဟာ ပျူစောထီးထွက်ပေါ်မှုလိုပဲ လျှို့လျှို့ဝှက်ဝှက် ထွက်ပေါ်လာတာ ဖြစ်ပြီးတော့ နောက်ကွယ်ကနေ ဘယ်သူတာဝန်ခံနေတယ်ဆိုတာတွေကိုဖော်ပြထားခြင်းမရှိပါဘူး။ စစ်ကောင်စီ လော်ဘီအချို့ကလည်း သူတို့နဲ့ ဆက်စပ်မှု မရှိဘူးဆိုတာကို ဘယ်သူမှ မစွပ်စွဲ ဘဲနဲ့ ကြိုတင်ငြင်းချက်ထုတ်တာ မျိုးတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ရှိရင်းစွဲ လော်ဘီကွန်ရက်နဲ့ ဆက်စပ်မှု ရှိနေတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေကို Telegram Channel တစ်ခုကနေ ရရှိထားပါတယ်။

အဲ့ဒီ Telegram Channel က တော့ Bo Talk လို့ နာမည် ပေးထားတဲ့ Channel ဖြစ်ပြီးတော့ Subscriber တစ်သောင်းကျော် ရှိနေပါတယ်။ Bo Talk Channel ကို စတင်တည်ထောင်ခဲ့တဲ့ အချိန်ကတော့ ဧပြီ ၂၅ ရက် ၂၀၂၂ ခုနှစ်မှာပါ။ အဲ့ဒီအချိန်တုန်းက Channel နာမည် ဟာ Thwe Thout Group ဆိုတဲ့ နာမည်နဲ့ ဖြစ်ပါတယ်။ သွေးသောက်အဖွဲ့ လှုပ်ရှားမှုတွေ ကို ပြန်ဖော်ပြတဲ့အပြင် အာဏာရှင်ဆန့် ကျင်တဲ့ သူတွေရဲ့ အချက်အလက် တွေကို တောင်းယူပြီး သတ်ဖြတ်ဖို့ အတွက် ကြေညာခဲ့တဲ့ Channel တစ်ခုဖြစ်ပါတယ်။ မေလ အတွင်းမှာတော့ သွေးသောက်အဖွဲ့လှု့ပ်ရှားမှု နဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေနဲ့ ခြိမ်းခြောက်မှု နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အားလုံးကို သူတို့ ကိုယ်တိုင်ပဲ ဖျက်ပစ်လိုက်တာကို တွေ့ရပါတယ်။ အဲ့ဒီအပြင် Channel နာမည်ကိုလည်း Bo Talk လို့ ပြောင်းလဲ ပြီးတော့ ဝါဒဖြန့်ချိတဲ့ အကြောင်းအရာ တွေကို ပဲ မျှဝေတာ တွေ့လာရပါတယ်။

Kyaw Swar ထိန်းချုပ်ထားသည့် Thwe Thout Group channel က History များကို ရှင်းလင်းပြီး channel အမည်၊ ဓာတ်ပုံများအား ပြောင်းလဲထားပုံ

Bo Talk Channel မှာ Forward(တိုက်ရိုက်ဝေမျှမှု) အများအဆုံးလုပ်ခံရတဲ့ Channel ကတော့ Kyaw Swar Channel ပါ။ ထူးခြားချက်အနေနဲ့ ပြန်လည် မျှဝေတဲ့ အချိန်နဲ့ မူရင်းပိုစ့်တင်တဲ့အချိန်တွေဟာ တစ်ချိန်တည်း ဒါမှ မဟုတ် ၁မိနစ်လောက်ပဲ ခြားနား တာ တွေ့ရှိရတဲ့ အတွက်  Kyaw Swar Channel ကို ထိန်းချုပ်ထားတဲ့ စစ်တပ်လော်ဘီ ကျော်စွာမြင့်နဲ့ ဆက်စပ်မှုရှိနေကြောင်း၊ Bo Talk Channel ကို ထိန်းချုပ်ထားသူဟာ ကျော်စွာမြင့်ဖြစ်နို်င်ကြောင်း ဒါမှ မဟုတ် သူ့ရဲ့ အပေါင်းအပါ တွေနဲ့ အတူ လှုပ်ရှားဆောင်ရွက်နေတာ ဖြစ်ကြောင်း ကောက်ချက်ချစရာ ရှိလာပါတယ်။ မိနစ်မခြားဘဲ တစ်ချိန်တည်းမှာ ပြန်လည် မျှဝေမှု ဆိုတာ ပို့စ့်တစ်ခုတည်း ဆိုရင်တော့ တိုက်ဆိုင်မှု လို့ ပြောစရာ ရှိပေမယ့် ပိုစ့်အများစုဆိုရင်တော့ ဒါဟာ အကြောင်းအရာဖြန့်ဝေခြင်းနည်းဗျူဟာ တစ်ခုဖြစ် လေ့လာတွေ့ရှိရပါတယ်။

စစ်ကောင်စီရဲ့ နာမည်ကြီးလော်ဘီKyaw Swar နဲ့ Thwe Thout Groupဟာ ဆက်စပ်မှု ရှိတယ်ဆိုတာသာမက Kyaw Swar က အဲ့ဒီ Channel ကို ထိန်းချုပ်သူ၊ မိတ်ဆက်ကြော်ငြာ(Promote) လုပ်ပေးသူ ဖြစ်ကြောင်း အထောက်အထားတွေ ထပ်တွေ့ခဲ့ပါတယ်။ Thwe Thout Group Telegram  Channel ကို စတင် တည်ထောင်တာ ဧပြီ ၂၅ ရက် ၂၀၂၂ ခုနှစ်မှာ ဖြစ်ပါတယ်။ အဲ့ဒီ Channel က ပထမဆုံး တင်ထားတဲ့ အကြောင်းအရာက စိန်ပန်း PDF ထောက်ပို့ တစ်ဦးကို သတ်ဖြတ်ရှင်းလင်းခဲ့တဲ့ သတင်းနဲ့ ဓာတ်ပုံ ဖြစ်ပြီးတော့ မနက် ၂ နာရီ ၂၇ မိနစ် မှာ တင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ အကြောင်း အရာ တင်ပြီးတဲ့ နောက် မိနစ်ပိုင်း တောင်မခြားဘဲ မနက် ၂ နာရီ ၂၇ မိနစ် တိတိမှာ ပြန်လည်မျှဝေခဲ့တာကတော့ Kyaw Swar နဲ့ သူထိန်းချုပ်ထားတဲ့ ဆက်စပ် Channel  တွေပဲ ဖြစ်ပါတယ်။ Thwe Thout Group ရဲ့ အွန်လိုင်းတည်ရှိမှုကို စတင်မိတ်ဆက်ပေးတာ ကျော်စွာဖြစ်ပြီးတော့ အကြောင်းအရာတွေ တစ်ချိန်တည်းမှာ နှစ်ဖက်အပြန်လှန် မျှဝေမှု အများအပြား ရှိခဲ့ပါတယ်။

သွေးသောက်အဖွဲ့ရဲ့ Telegram Channel ဟာ ဧပြီ ၂၅ ရက်က စလို့ မေ ၁၅ရက်အထိ သွေးသောက်အဖွဲ့ လှုပ်ရှားမှု ၊ ဖွဲ့စည်းမှုတွေနဲ့ ပတ်သက်တာတွေကို အဓိက ဖော်ပြခဲ့တာ တွေ့ရပါတယ်။ မီဒီယာတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ အာရုံစိုက်ခံရတဲ့နောက်ပိုင်းမှာတော့ အကြမ်းဖက်မှုမြောက်စေတဲ့ ပိုစ့်တွေကို သူတို့ကိုယ်တိုင် ဖယ်ရှားပြီး လက်စဖျောက်ခဲ့ပါတယ်။ Channel ရဲ့  နာမည်ကို လည်း Bo Talk လို့ ပြောင်းလဲပြီး တောင်ကိုရီးယား နိုင်ငံက သရုပ်ဆောင်တစ်ဦးရဲ့ ပုံကို ပြောင်းလဲ့ခဲ့ပါတယ်။ မျှဝေတဲ့အကြောင်းအရာတွေကလည်း သာမန်စစ်တပ် ဝါဒဖြန့်ချိရေးပုံစံမျိုး ပြန်ဖန်တီးယူလိုက်ပြီး လော်ဘီ ကျော်စွာ Channel က အကြောင်းအရာတွေကို အများဆုံး Forward (တိုက်ရိုက်ဝေမျှမှု)မှု လုပ်တာ အခု အချိန်အထိ ဖြစ်ပါတယ်။

Forward(တိုက်ရိုက်ဝေမျှမှု) လုပ်တဲ့အချိန် တူညီမှု ရှိတာ Kyaw Swar နဲ့ ဆင့်ပွားChannel တွေတင်မကဘဲ တခြား Channel ပေါင်း များစွာလည်း ရှိနေသေးတယ်ဆိုတာ သတိထားဖို့ လိုပါတယ်။ ဒီလေ့လာမှုမှာ စာဖတ်သူအတွက် အချက်အလက် ရှုပ်ထွေးမှု ဖြစ်ပေါ်မှာစိုးရိမ်လို့ တခြားChannel တွေရဲ့တူညီမှုတွေကို လောလောဆယ် ချန်လှပ်ထားပါဦးမယ်။ စာဖတ်သူတွေ ကိုယ်တိုင်လည်း ဒီလို Forward (တိုက်ရိုက်ဝေမျှမှု)လုပ်တဲ့ အကြိမ် အရေအတွက် တွေ Admin  နာမည်တွေကို နှိုင်းယှဉ် သုံးသပ်ပြီး လော်ဘီChannelတွေရဲ့ ချိတ်ဆက်မှုနဲ့ သတိထားသင့်တဲ့ အကြောင်းအရာတွေကို အချင်းချင်းသတိပေးနို်င်ပါတယ်။  သူတို့ သုံးတဲ့ အဓိကဗျူဟာကတော့ Channel အပွားတွေ အများကြီး ဖန်တီးလိုက်ပြီး အကြောင်းအရာကို ပင်မ Channel တစ်ခု က နေ Publishလုပ်၊ တခြား Channel တွေ က နေ တစ်ပြိုင်နက်တည်း ပြန်မျှဝေတာဖြစ်ပြီးတော့ နေရာအနှံ့ကို အကြောင်းအရာပြန့်နှံ့မှု ဖြန့်ကျတ်ရောက်ရှိသွားအောင် အဖွဲ့လိုက်လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အွန်လိုင်းလော်ဘီတွေဟာ Telegram ကို ပိုအသုံးပြုပြီး အကြောင်းအရာတွေ ဖြန့်ဝေဖို့ အချင်းချင်း တိုက်တွန်းနှိုးဆော်မှုတွေရှိနေပါတယ်။ လူမှုစံနှုန်းကိုချိုးဖောက်ပြီး ပြည်သူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းအရာအများအပြားကို ဖြန့်ဝေနေတဲ့ မြန်စစ်တပ်နှီးနွယ် ChannelတွေTelegram platformပေါ်မှာ မှိုလို ပေါနေပေမယ့် Telegram ကတော့ တင်းတင်းကြပ်ကြပ် အရေးယူဖို့ ပျက်ကွက်နေဆဲဖြစ်ပါတယ်။ မြန်မာ့ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူတွေဘက်ကနေ ဒီChannel  တွေကို ဖျက်ချဖို့ လှုပ်ရှားမှုတွေ၊ တိုက်တွန်းနှိုးဆော်မှုတွေ Telegram ဘက်ကို လုပ်ထားပေမယ့် Telegram ဘက်ကတုန့်ပြန်မှု၊ အကြောင်းအရာလျှော့ချမှုနဲ့ Channel ဖယ်ရှားမှုလုပ်တာတွေ မရှိသလောက် ဖြစ်နေပါတယ်။

မြန်မာနို်င်ငံရဲ့ အင်တာနက်နဲ့ လူ့အခွင့်အရေးအခြေအနေအတွက် လှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက တော့ သူတို့ အနေနဲ့ Telegram ကိုဆက် သွယ်ဖို့ ကြိုးစားနေပေမယ့် Telegram ဘက်က တုန့်ပြန်မှုလုပ်တာ မရှိသလောက် နည်းနေသေးတဲ့ အကြောင်း ပြောပါတယ်။ Telegram ကို ဆက်သွယ်ဖို့ ကြိုးစားနေတာ လအတန်ငယ်ရှိနေပြီဖြစ်ပြီးတော့ အခြား နိုင်ငံတကာမှ ဒီဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းကို လည်း ကြားထဲကခံပြီး အကူအညီယူတာ မျိုး ရှိတယ်လို့ သိရပါတယ်။

Telegram ကို ဆက်သွယ်ခဲ့တာနဲ့ ပတ်သက်ပြီး အဖွဲ့အစည်း၏ တာဝန်ရှိသူက “အခြား နိုင်ငံတကာမှ ဒီဂျစ်တယ်အခွင့်အရေးလုပ်တဲ့ အဖွဲ့တွေကတစ်ဆင့် အဲ့ဒီက(Telegram က) လူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ဖို့ကြိုးစားပေးမယ့် ကိုယ်မျှော်မှန်းထားသလောက် မထိရောက်သေးပါဘူး။ ကိုယ်တွေလုပ်တဲ့ Tech Company တွေနဲ့ Meeting တွေမှာလည်း Telegram က မတက်သလောက် ရှိပါတယ်။ အဲ့ဒါကြောင့် telegram ကို မူဝါဒပိုင်းဆိုင်ရာ brief တစ်ခုပေးပို့ပေးပြီး platform ကြောင့် အများပြည်သူ လက်တွေ့မှာ အန္တာရယ်မရှိအောင် လုပ်သင့်ကြောင်း လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာသင့်ကြောင်း UN Business and Human rights guidelines တွေကို လိုက်နာသင့်ကြောင်း စာပို့ခဲ့တယ်" လို့ ပြောပါတယ်။

တစ်ဦးတစ်ယောက်တည်းဟုထင်မြင်ခံရစေရန် ၎င်းတို့ရုပ်ပုံများ ထုတ်ပြန်ခဲ့သည့် စစ်လော်ဘီများ

စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ လော်ဘီတွေဟာ ၂၀၂၂ခုနှစ် မြန်မာသင်္ကြန်ကာလမှာ သူတို့ ပါဝင်ဆင်နွှဲနေတဲ့ ဓာတ်ပုံတွေကို Telegram Channel တွေက တစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်တဲ့ အထဲမှာ နာမည်ကြီး လော်ဘီတွေ ဖြစ်တဲ့ Han Nyein Oo၊ Kyaw Swar၊ Banyunt နဲ့ သတင်းတမန်တို့ရဲ့ ရုပ်ပုံတွေ ပါဝင်ခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ခဲ့တဲ့ အကြောင်းအရင်းကတော့ ပထမတစ်ချက် တော်လှန်ရေးအင်အားစုတွေရဲ့ သင်္ကြန်မဆင်နွှဲရေးနှိုးဆော်မှုကို ကဖျက်ယဖျက် လုပ်ချင်တာရယ်၊ သူတို့ရဲ့ Channel တွေနောက်မှာ သူတို့ ပဲ ရှိတယ် တခြား ဘယ်သူမှ ရှိမနေဘူးလို့ အထင်ခံရအောင် တမင်ဖြန့်ဝေတာ ဖြစ်တယ်လို့ ယူဆရပါတယ်။

၂၀၂၂ ခုနှစ် မြန်မာသင်္ကြန်ပွဲတော်ရက်တွင် ထုတ်ပြန်ခဲ့သည့် ဟန်ငြိမ်းဦးChannel ထိန်းချုပ်သူ၏ ဓာတ်ပုံ

ဝဲမှယာသို့ - ၂၀၂၂ ခုနှစ် မြန်မာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်တစ်ခုတွင် တွေ့ရသည့် သတင်းတမန်၊ ဘညွန့်နှင့် ကျော်စွာ

ဝဲမှယာသို့ - ၂၀၂၂ ခုနှစ် မြန်မာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်တစ်ခုတွင် တွေ့ရသည့် ဟန်ငြိမ်းဦး၊ ကျော်စွာနှင့် ဘညွန့် (ဓာတ်ပုံ- Kyaw Swar Telegram)

ဘညွန့်ဆိုသူ(အနီရောင်အဝို်င်းအတွင်းမှ)ဝဲဘက်ခြမ်းမျက်နှာအား မျက်နှာဖုံးဖယ်ရှားထားသည့်အချိန်တွင် တွေ့ရစဉ်(ဓာတ်ပုံ- Kyaw Swar Telegram)

ဟန်ငြိမ်းဦးChannelကိုထိန်းချုပ်တဲသူဆိုရင် တစ်ခါတလေသူရောက်နေတဲ့ နေရာတွေကို ဓာတ်ပုံ ရိုက်ပြပြီး စိန်ခေါ်တာတို့၊ ရောက်ရှိကြောင်း အသိပေးတာတို့ ဓာတ်ပုံနဲ့တကွ လုပ်လေ့ရှိပါတယ်။

 Telegram Channel တွင် မျက်နှာတစ်ပိုင်းတစ်စနှင့် သူရောက်ရှိရာနေရာကို ဖော်ပြ၍ စိန်ခေါ်ထားသည့် ဟန်ငြိမ်းဦးTelegram Channel ထိန်းချုပ်သူ

တကယ်တော့ Channel တွေရဲ့ နောက်ကွယ်မှာ သူတို့ တစ်ဦးချင်းစီပဲ ရှိနေတာ လုံးဝမဟုတ်ပါဘူး။ တစ်ဦးထက်ပိုတဲ့ လူတွေ အဖွဲ့တွေရှိသလို၊ သူတို့ အချင်းချင်းချိတ်ဆက်လှုပ်ရှားမှုတွေရှိနေတာ အထောက်အထား အပြည့်အစုံ ဖော်ပြပြီးသားဖြစ်ပါတယ်။ နောက်တစ်ခုက တော့ ငွေကြေးတစ်ပြားတစ်ချပ်မှ ရတာမရှိသလို အကျိုးအမြတ်တွက် လုပ်တာ မဟုတ်ဘူးလို့ ဘူးခံငြင်းနေပေမယ့် Kpay၊ Wave Pay တွေရဲ့ နံပါတ်၊ QR code တွေနဲ့ သီတင်းကျွတ်မုန့်ဖိုး၊ သင်္ကြန်မုန့်ဖိုးနဲ့ ဖုန်းဘေလ်လို့ နာမည်တပ်ပြီး တောင်းခံတာမျိုးလုပ်လေ့ ရှိပါတယ်။ ဒါ့အပြင် တစ်ခါတလေ စစ်ကောင်စီတပ်သားတွေဆီကို ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှု လုပ်တာမျိုးတွေ လည်းရှိပါတယ်။



လော်ဘီChannel တွေ ကြည့်ရှုသူနှုန်းပိုများသွားစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခု

      ဖေဖော်ဝါရီ ၁ ရက် ၂၀၂၂ အာဏာသိမ်းမှု နှစ်ပတ်လည် ကို ဆန့်ကျင်ပြီး အံတုတဲ့ အသံတိတ်သပိတ် ကာလတုန်းက သပိတ်မှာ ပါဝင်မယ်လို့ လူမှုကွန်ရက်က တစ်ဆင့် ကြေညာတဲ့သူ တွေကို စစ်ကောင်စီလော်ဘီတွေရဲ့ Channelကနေ ဖမ်းဆီးဖို့ လှုံ့ဆော်တာတွေ ရှိခဲ့ပါတယ်။ လှုံ့ဆော်ပြီး နောက်ပိုင်းမှာ လည်း တကယ်ဖမ်းဆီးခံခဲ့ရတဲ့ သူတွေ မနည်းပါဘူး။ တချို့လည်း ထွက်ပြေးတိမ်းရှောင် ကြရပါတယ်။ စစ်ကောင်စီလော်ဘီ Channel တွေက တင်တဲ့ အန္တရာယ်ရှိတဲ့အကြောင်းအရာတွေ သတင်း အမှားတွေ ကို တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေသတိထားလာမိတဲ့နောက်ပို်င်း အချင်းချင်း သတိပေးဖို့ ကြိုးစားလာကြပါတယ်။ လော်ဘီ Channel တွေက အကြောင်းအရာတွေကို ကိုယ့်အသိတွေ ဆီ ပြန်မျှပြီးသတိထားဖို့ အသိပေးတာမျိုး၊ အဲ့ဒီ Channel တွေကို Report ဝိုင်းထုဖို့ တိုက်တွန်းတာမျိုးတွေ လုပ်ကြပါတယ်။ ဒီလို လုပ်တဲ့အခါမှာ များသောအားဖြင့် သက်ဆိုင်တဲ့လော်ဘီ Channel ထဲအထိ ဝင်ပြီး Forward button၊ Copy Link button နဲ့ Report button တွေကို နှိပ်ရတဲ့အတွက် Channel ကို ကြည့်ရှုနှုန်းပိုတက်စေသလို ဖြစ်ပါတယ်။ ဒီအချက်ကို ပြောနေရတာကတော့ စစ်တပ်ဝါဒဖြန့်ချိရေး Channel တွေမှာ ရှိတဲ့ ကြည့်ရှုကြိမ်အရေအတွက် တွေက သူတို့ကို ထောက်ခံသူတွေချည်းပဲ ရှိတာ မဟုတ်ဘူး၊ သူတို့ Channel  ကို Report ဝိုင်းထုတဲ့သူတွေ ဖြုတ်ချစေချင်တဲ့ ပြည်သူတွေကြောင့်လည်း ကြောင့်လည်း ကြည့်ရှုကြိမ်အရေအတွက် တက်စေတယ်ဆိုတာပါပဲ။  အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေဘက်ကနေ ကြည့်မယ်ဆိုရင် သူတို့ လုပ်စရာရှိတာကို လိုအပ်လို့ လုပ်နေကြတာ ဖြစ်ပါတယ်။ ကြည့်ရှုနှုန်းမတက်စေဖို့ ဘယ်လို လုပ်ကြမလဲ ဆိုတာကတော့ စဉ်းစားစရာဖြစ်ပါတယ်။ ပုံတွေရဲ့ အောက်ခြေမှာပါတဲ့ ကိန်းဂဏန်းတွေက Han Nyein Oo ရဲ့ Channel ကို တော်လှန်ရေးအင်အားစုတွေ Report ဝို်င်းထုဖို့နှိုးဆော်တဲ့အချိ်န် Han Nyein Oo Channel ကို view အရေအတွက်၊ subscriber အရေအတွက်တက်စေမှုနဲ့ ပတ်သက်နေတဲ့ ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။

Telegram ပေါ်က ပြဿနာဖြစ်ပွားစေတဲ့ အကြောင်းအရာတွေ ဖြုတ်ချဖို့ အကြောင်းကြားတာ ကို မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေစုပေါင်းပြီး ဒီနှစ် အစောပိုင်းမှာ လုပ်ခဲ့ဖူးပါသေးတယ်။ ဒီ ဆောင်ရွ့က်မှုမှာ ပါဝင်ဖူးတဲ့ တာဝန်ရှိသူက “ဒီ November နဲ့ January အတောအတွင်းမှာ လုပ်ခဲ့တဲ့ သူ့ရဲ့(Telegramရဲ့) Community guideline ကို ချိုးဖောက်တဲ့ ဒီ Content ၁၀၀ ကို Report လုပ်ခဲ့တယ်။ အဲ့ဒီတုန်းက တော့ zero moderation ပဲ သူတို့ (telegram) ဘက်ကနေ ဘာမှ မလာဘူး။ ဒါက တော့ တကယ့်ကို အစီအစဉ်တကျ လုပ်တဲ့ဟာပေါ့။ ပြီးတော့ ကို်ယ်တွေ အနေနဲ့ကလည်း ကိုယ့်အကောင့်တွေက တစ်ဆင့် Reporting လုပ်နေကြတာ ရှိပါတယ်။ ဒါပေမယ့် လက်ရှိမှာဆိုရင် အဲ့ဒီ Telegram Reporting မှာဆိုရင် Reporting Dashboard မရှိဘူး ။ Facebook လို မဟုတ်ဘူး။ Facebook  ဆိုရင် reporting dashboard ရှိတဲ့အတွက် ကိုယ်က Report လုပ်လိုက်တယ်။ ဘယ် အချိ်န် ဘယ်Content ကို report လုပ်လိုက်တယ်။ သူတို့ ဘက်က report ကိုအကြောင်း ပြန်လား မပြန်လား၊ ပြန်လာတယ်ဆိုရင်လည်း သူတို့တွေရဲ့  response ကို ရေးတယ်။ မဟုတ်ဘူးဆိုရင် လည်း ဒါကို ဘာကြောင့် မဖယ်ဘူးဆိုရင်လည်း သူ့ရဲ့ ဖြေရှင်းချက်ရေးတယ်။ ဒါပေမယ့် telegram မှာ ကျတော့ အဲ့လို Dashboard က မရှိဘူး။ မရှိတဲ့အခါမှာ ကိုယ်တင်တယ်ဆိုရင် ကိုယ့်ဟာကိုယ် ဒီဘက်မှာ ပဲ မှတ်ထားလို့ ရတယ်။ ဒါပေမယ့် သူ့ရဲ့ Dashboard ထဲမှာ ဘာမှ မရှိဘူးဆိုတော့ ကိုယ်တွေလုပ်တဲ့ဟာဆိုရင် အကုန်လုံးက black hole ကြီးထဲကို ပို့လိုက်သလိုပဲ ဘာမှ response မရှိဘူးဆိုတော့ အဲ့ဒါ သပ်သပ် ပြဿနာ ရှိတယ်” လို့ ပြောပါတယ်။

အဲ့ဒီအပြင် mass reporting(စုပေါင်းreport)  လုပ်တယ်ဆိုရင်တောင်  Telegram CEO ရဲ့ Tweet တစ်ခုမှာ ဖော်ပြဖူးတာက Reporting  လုပ်တဲ့ အရေအတွက်ကြောင့် ပိုစ့်တစ်ခုကို ဖယ်ရှားပါ မယ်ဆိုတဲ့ ဆက်စပ်မှု မရှိကြောင်း၊ Report ထုတဲ့ အပေါ်မှာ Telegram ဘက်က ပြန်တုန့်ပြန်တာမျိုး မရှိကြောင်းလည်း သူက ဆက်ပြီး ပြောပြပါတယ်။

လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်လှုပ်ရှားမှုနှင့်ပတ်သက်သည့် ၉၆၉ ဂဏန်းများဆင်တူပြောင်းလဲထားရှိခြင်းအပြုအမူ




၉၆၉ ဂဏန်းဆင်တူ ပြောင်းလဲထားသည့် Telegram Channel များ

969(သို့်မဟုတ်) မြန်မာဘာသာနဲ့ ၉၆၉ ဂဏန်းဟာ မြန်မာနိုင်ငံရဲ့  လူမျိုးရေးဘာသာရေးပဋိပက္ခဖြစ်စဉ်တွေရဲ့  အဓိက တရားခံလို့ နို်င်ငံတကာအသိုင်းအဝို်င်းနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုထားပါတယ်။ ဘာသာရေး အစွန်းရောက်အတွေးအခေါ်တွေနဲ့ အမုန်းစကားဖြန့်ဝေတဲ့ လှုပ်ရှားမှုအဖြစ်လည်းပေါ်ထွက်ခဲ့ဖူးပါတယ်။ မစိုးရိမ်ကျောင်းတိုက် ဆရာတော်ဝီရသူ ဟာ ၉၆၉ လှုပ်ရှားမှု၊ မွတ်စလင်ဘာသာဝင်တွေကို အမုန်းပွား ရေးလှုံ့ဆော်မှု တွေနဲ့ ပတ်သက်လို့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ အစွန်းရောက်အမျိုးသားရေးသမား တွေ ကြားထဲမှာ ၉၆၉ တံဆိပ်ဟာ ကိုးကွယ်ဆည်းကပ်ရာ ဖြစ်ခဲ့ပြီးတော့ စစ်ကောင်စီလော်ဘီတွေရဲ့ အကောင့်တွေမှာ နာမည်အနေနဲ့သော်လည်းကောင်း၊ အမှတ်အသား တစ်ခု အနေနဲ့သော်လည်း တွေ့ရတတ်ပါတယ်။ ၉၆၉ လှုပ်ရှားမှုတွေ အရှိန်မြှင့်လာပြီးနောက် ၂၀၁၂ ခုနှစ် ရခိုင်မှာ စတင်ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်း၊ မိတ္ထီလာအဓိကရုဏ်း အပါအဝင် ဘာသာရေးလူမျိုးရေးအဓိကရုဏ်း များစွာ ဆက်တိုက် ဆိုသလို ဖြစ်ပွား ခဲ့ပါ တယ်။ ဒါပေမယ့် ဦးသိန်းစိန်အစိုးရအနေနဲ့ အမုန်းစကား ဖြန့်ချိနေတဲ့ ဟောပြောချက်အခွေတွေနဲ့  ဦးဆောင် လှုပ်ရှားသူ တွေ ကို အရေးမယူတဲ့အပြင် လွှတ်တော်မှာ မျိုးစောင့် ဥပဒေ တွေ ရေးဆွဲတင်သွင်းဖို့အထိ လုပ်ဆောင်ခဲ့ ပါတယ်။1 Telegram ကိုသုံးပြီး ဝါဒဖြန့်ချိရေးနဲ့ အန္တရာယ်ရှိတဲ့အကြောင်းအရာတွေ ဖြန့်ဝေနေတဲ့ စစ်ကောင်စီလော်ဘီ Channelတွေမှာ ၉၆၉ ဆိုတဲ့ အမှတ်အသားတွေ ဆင်တူပြောင်းလဲထားတာ ကို လက်လှမ်းမီသမျှ စုစည်းပေးထား ပါတယ်။ ဒီထဲမှာ ပြည်ခိုင်ဖြိုးပါတီ(USDP)က တာဝန်ရှိပုဂ္ဂိုလ်တချို့ဖြစ်တဲ့ ယဉ်မင်းမြင့်ဆွေနဲ့ နန်းမြမီမီဇော်တို့လည်းရဲ့ Telegram Channelတွေလည်း ပါဝင်နေပါတယ်။


1 https://burma.irrawaddy.com/news/2014/09/30/65339.html

မတ်လ ၁ ရက် ၂၀၂၂ ခုနှစ် အထိ ကောက်ယူထားသည့် အချက်အလက်

အနှစ်ချုပ်သုံးသပ်ချက်

အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း သွေးထွက်သံယုံမှုနဲ့ဖမ်းဆီးမှုတွေအတွက် အဓိကတရားခံ အကြမ်းဖက်စစ်ကောင်စီကို တောက်လျှောက်ထောက်ခံနေခဲ့တဲ့ စစ်တပ်လော်ဘီ telegram channel တွေရဲ့ နေရာယူမှုနဲ့ ချိတ်ဆက်မှုတွေဟာ လစ်လျူရှုထားလို့ မရနိုင်တဲ့အထဲမှာ ပါဝင်နေပါတယ်။ အချို့စစ်တပ်လော်ဘီ တွေဟာ သူတို့ရဲ့ ပုဂ္ဂလိက လုံခြုံရေးကိုအကြောင်းပြဆင်ခြေပေးပြီး လက်နက်ကိုင်ဆောင်ချင်ကြောင်း  ထုတ်ဖော်ပြောကြားလာတာ တွေရှိနေပါတယ်။ အစွန်းရောက်အမျိုးသားရေးဘုန်းကြီး ဝီရသူ ဆိုရင်လည်း စစ်ကောင်စီ အာဏာသိမ်းပြီး ၇ လအကြာ မှာ အကျဉ်းကျနေရာကနေ ပြန်လွတ်လာပြီးတော့ ဘာသာတရားတစ်ခုနဲ့ တစ်ခု အမုန်းပွားစေတဲ့ အကြောင်းအရာတွေကို Facebook နဲ့ Youtube ကနေ ဖြန့်ဝေဖို့ အတွက် အမည်လွှဲအကောင့် တွေ၊ သူ့တပည့်တပန်း အကောင့်တွေကို အသုံးပြုပြီး ကြိုးစားနေတာတွေ မြင်လာရတာကို သတိထားဖို့ လိုပါလိမ့်မယ်။

သုတ်သင်ရေးသမားတွေ၊ အစွန်းရောက်အမျိုးသားရေးသမားတွေ၊ စစ်ကောင်စီတပ်သားတွေရဲ့ အားကိုး နဲ့ ပြည်သူတွေကို အနိုင်ကျင့်ဗိုလ်ကျနေတဲ့ လော်ဘီအမည်ခံ Telegram Channel တွေဟာ သူတို့ကိုယ်သူတို့ လွတ်လပ်တဲ့ပြီး အမှီအခို ကင်းတဲ့ သတင်းသမားတွေ အဖြစ် နာမည်ကောင်းယူကြပါတယ်။ ဒါပေမယ့် သတင်းအတုသတင်းအမှားတွေနဲ့ အန္တရာယ်ဖြစ်တဲ့ အကြောင်းအရာတွေ သုံးပြီး ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်ဖို့ လှုံ့ဆော်မှုတွေကို အစုအဖွဲ့အလိုက် အကွက်ကျလှုပ်ရှားပြီး  စစ်ကောင်စီအလိုကျလုပ်ဆောင်နေကြတာက ငြင်းချက်ထုတ်လို့ ရမှာမဟုတ်ဘူး ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly